ဖေဖော်ဝါရီ (၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်ရှိ မြို့နေရာ(၆)ခုတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုကလူ့အခွင့်အရေးချိုးဖောက်မှု(၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား အမျိုးသား(၄)ဦးသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယနေ့ထုတ်ပြန်သည်။
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဖယ်ခုံနှင့်ဆီဆိုင်မြို့တို့တွင် စစ်အုပ်စုက လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှု စသည်တို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်ခံရမှုက အများဆုံးဖြစ်သည်။
ထိုအထဲမှ အရပ်သား အမျိုးသား(၄)ဦးမှာ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုနှင့် မိုင်းနင်းမိခြင်းကြောင့် သေဆုံးခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် ထိခိုက်ဒဏ်ရာရသူ ကလေးငယ်(၃)ဦး၊ အမျိုးသား(၇)ဦးနှင့် ကျား၊မအတည်မပြုနိုင်သူ (၅)ဦး ရှိသည်ဟု ထုတ်ပြန်ချက်ကဖော်ပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများမှတစ်ခုအပါအဝင်ဖြစ်သည့် ဖယ်ခုံမြို့အနောက်ဘက်ရှိ အရပ်သားပြည်သူနေအိမ်(၄၈)လုံးကို ဖျက်ဆီးပြီး ပစ္စည်းခိုးမှုကျူးလွန်ရာ၌ စစ်အုပ်စုအပြင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့-PNO တို့လည်းပါဝင်နေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ တဖြည်းဖြည်းမြင့်တက်နေပြီး တိုင်ကြားရန် ဖြေရှင်းရန်ယန္တရားတစ်ရပ်လိုအပ်သည်ဟု KnHRG က ထောက်ပြသည်။ ထို့အပြင် စစ်ဘေးရှောင် ၂ သိန်းကျော်အတွက်အကူအညီများ နယ်စပ်လမ်းကြောင်းမှရရှိရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
ကရင်နီပြည်နယ်တွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ-KSCC ၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်က ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လျက်ရှိသည်။ ကရင်နီတပ်မတော်-KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) စသည့်တော်လှန်ရေးတပ်ဖွဲ့များကို ကရင်နီစစ်ဦးစီးကော်မတီ-JCS က စီမံခန့်ခွဲပြီး စစ်ရေးဆောင်ရွက်သည်။



















