Home သတင်း စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို တိုးချဲ့အရေးယူရန် JFM တောင်းဆို

စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို တိုးချဲ့အရေးယူရန် JFM တောင်းဆို

465
Photo: Internet

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ပေးနေသော အီရန်နိုင်ငံနှင့်ဆက်နွယ် မှောင်ခိုသင်္ဘောအုပ်စု၊ ပိုင်ရှင်နှင့်မန်နေဂျာများ၊ လေယာဉ်ဆီသိုလှောင်တင်ပို့ဆိပ်ကမ်းနှင့် စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) တို့အပေါ် တိုးချဲ့အရေးယူပေးရန် အီးယူ၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနှင့် ယူကေအစိုးရများကို Justice for Myanmar (JFM) က တောင်းဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ဖြင့် ထွက်လာသည့် JFM ၏ တောင်းဆိုချက်တွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ခဲ့သည့် သင်္ဘောများ၊ ၎င်းတို့၏ ပိုင်ရှင်နှင့် မန်နေဂျာများ၊ ဆီသိုလှောင်ရန် သုံးခဲ့သည့် Cai Mep Petroleum Terminal ဆိပ်ကမ်း၊ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ထိန်းချုပ်ထားသော နိုင်ငံပိုင် MPE လုပ်ငန်းတို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရမည်ဟု ပါရှိသည်။

“မြန်မာစစ်တပ်ဆီကို ရောက်လာတဲ့ လေယာဉ်ဆီတင်ပို့မှုတိုင်းက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နိုင်ဖို့ အားပေးကူညီနေတာပါ။ ဒီစစ်ဆင်ရေးတွေကို ညှိနှိုင်းပေါင်းစပ်အရေးယူမှုတွေ ကတစ်ဆင့် တားဆီးနိုင်ပါတယ်။ ဒီကိစ္စမှာ ပါဝင်နေတဲ့ သင်္ဘောတွေ၊ ပိုင်ရှင်တွေ၊ မန်နေဂျာတွေနဲ့ အခြားအဖွဲ့အစည်းတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံအသီးသီးမှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နိုင်သလို၊ မဖြစ်မနေလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။” ဟု JFM ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

နိုင်ငံတကာအစိုးရများအနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်ပြီး မြန်မာစစ်အုပ်စုထံ လေယာဉ် ဆီထောက်ပံ့မှုကွင်းဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ရှောင်တိမ်းဖုံးကွယ်သည့် နည်းလမ်းအသစ်များဖြင့် ဆက်လက်တင်ပို့နေကြဆဲဖြစ်ကြောင်း JFM ထုတ်ဖော်ထားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ (၁၇) ကြိမ် ပို့ဆောင်ခဲ့သည့် သင်္ဘောများသည် အီရန်သင်္ဘောမှောင်ခိုအုပ်စုနှင့် ဆက်နွယ်နေသလို ဗီယက်နမ်နှင့် ယူအေအီးနိုင်ငံ အခြေစိုက် လုပ်ငန်းများနှင့် ပတ်သက်နေကြောင်းလည်း သိရသည်။

JFM ပြောခွင့်ရသူက “ဗီယက်နမ် ပါဝင်ပတ်သက်နေမှုက အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်းအပေါ် ထိရောက်တဲ့ နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တစ်ချိန်တည်းမှာပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူနေကြပါတယ်။” ဟု ဆက်လက်ထောက်ပြသွားသည်။

ရွေးကောက်ပွဲပြင်ဆင်နေသည့် ကာလတွင်ပင် စစ်အုပ်စုက လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများ မပြတ်လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှု နှစ်ဆနီးပါး တိုးလာကြောင်းလည်း JFM က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စစ်အုပ်စုက မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၁၀၀ ကျော် လုပ်ဆောင်ခဲ့သဖြင့် ပြည်သူ ၁,၇၀၀ ကျော် သေဆုံးပြီး ၂,၉၀၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Defense & Security Institute (MDIS) ၏ အစီရင်ခံစာအရ သိရသည်။