ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းပေါ်မှလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း အင်တာနက်သုံးစွဲသူ(၁၉၇)ဦးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့က ထုတ်ပြန်သည့် မြန်မာအင်တာနက်ပရောဂျက်-MTP ၏ အစီရင်ခံစာအရ သိရသည်။
လူမှုကွန်ရက်မီဒီယာ(ဖေ့ဘွတ်ခ်)၊ တစ်တော့(ခ်)နှင့်တယ်လီဂရမ်တို့မှ ရွေးကောက်ပွဲအကြောင်းအရာအပါအဝင် မိမိထင်မြင်ချက်ကိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားကြသည့် အမျိုးသမီး(၅၉)ဦး၊ အမျိုးသား(၁၂၇)ဦးနှင့် ကျား/မအတည်ပြုရန်လိုအပ်သူ(၁၁)ဦး စုစုပေါင်း(၁၉၇)ဦးအား စစ်အုပ်စုက ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
ထိုအထဲတွင် ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးမှုမှ အကာအကွယ်ပေးရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသူ အနည်းဆုံး(၃၀)ဦး ပါဝင်နေပြီး ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့်ဖမ်းဆီးခံလိုက်ခြင်းလည်းရှိသည်ဟု MIP က ဖော်ပြသည်။ အလားတူ ဆိုရှယ်မီဒီယာများတွင် စစ်အုပ်စုက လူအသုံးများသည့်ဖေ့ဘွတ်(ခ်)ကိုအဓိကထား စောင့်ကြည့်နေခြင်းဖြစ်သည်။
၎င်းတွင် ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးကဲ့သို့ စစ်အုပ်စုထိန်းချုပ်မှုနယ်မြေအများအပြားရှိနေသည့် ဒေသများကို စစ်အုပ်စုကအလေးထားခြင်းဖြစ်ပြီး ကျန်ရှိ စစ်အုပ်ချုပ်ရေးယန္တရားလက်လှမ်းမမှီနိုင်သည့်နယ်မြေများတွင်မူ ဆက်သွယ်ရေးနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းဖြင့် ထိန်းချုပ်ကိုင်တွယ်နေကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကရင်ဒေသရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်အပါအဝင် မြို့နယ်(၇၄)မြို့နယ်၌ ဖုန်းနှင့်အင်တာနက်ပြတ်တောက်မှု (၁၀၅)ကြိမ်ကြုံတွေ့ခဲ့ရသည်ဟု MIP က ဆိုသည်။
သတင်းစီးဆင်းမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် အရေးယူမှုအပြင် ဆက်သွယ်ရေးဖြတ်တောက်ပြီး လေကြောင်းတိုက်ခိုက်မှုများ စစ်အုပ်စုကလုပ်ဆောင်နေသောကြောင့် နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ထောက်လှမ်းရေးနည်းပညာအသုံးပြုမှုများရပ်တန့်ရေး သက်ဆိုင်ရာကုမ္ပဏီများကို ဖိအားပေးရမည်ဟု MIP က တောင်းဆိုထားသည်။
ထို့အပြင် နည်းပညာပိုင်းအားဖြင့်လည်း ဆက်သွယ်မှုပြတ်တောက်ခြင်းကိုကျော်လွှားနိုင်သည့် နည်းစနစ်များပံ့ပိုးပေးပြီး မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ဒီဂျစ်တယ်ဖိနှိပ်မှုကို နိုင်ငံတကာကသိမြင်အောင် အာရုံစိုက်လုပ်ဆောင်ပေးကြရန်လည်း တစ်ဆက်တည်းပါရှိသည်။
MIP သည် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အင်တာနက်ပေါ်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် ကိုယ်ရေး ကိုယ်တာလွတ်လပ်ခွင့် စသည့် ဒီဂျစ်တယ်လွတ်လပ်ခွင့်အခြေခံအခွင့်အရေးများ ချိုးဖောက်ခံနေရမှုကို မှတ်တမ်းတင်ပြုစုနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။



















