Home သတင်း ခြိမ်းခြောက်မဲ၊ ကိုယ်စားမဲဖြင့်သာ ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ ပြီးစီးခဲ့

ခြိမ်းခြောက်မဲ၊ ကိုယ်စားမဲဖြင့်သာ ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ ပြီးစီးခဲ့

677
Photo: Eleven Media

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၅) ရက်နေ့က ပြုလုပ်ပြီးစီးသွားသည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃) ကို မဲဆန္ဒရှင်များ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများက မဲထည့်ခြင်း၊ မဲမထည့်မနေရ ခြိမ်းခြောက်ခြင်းများဖြင့် မဲထည့်ရသည်ဟု ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲရက်က နဘူးတိုက်နယ်ရှိ အင်းကြီး၊ နဘူး၊ အင်းရှည်၊ ထီဆွမ်၊ ဘုရားကုန်း အပါအဝင် ကျေးရွာ (၁၁) ရွာခန့်တွင် အင်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကျေးရွာ တာဝန်ရှိသူနှင့် စာရေးဝန်ထမ်းများမှ မဲဆန္ဒရှင် ရွာခံ လူထု ကိုယ်စား မဲထည့်ခဲ့သည်ဟု ရွာခံများက ပြောသည်။

“ရွာသားတွေကို ဒရုန်းချခံထိမယ်၊ နင်တို့ မသွားကြနဲ့ ဆိုပြီး အဲဒီနေ့က အင်းရှည်ရွာ လူကြီး ဦးကျော်ဝင်းက ပြောတယ်။ သူ့ရဲ့ အတွင်းရေးမှူးနဲ့ ရွာစာရေးက တစ်ရွာလုံး ကိုယ်စား နဘူးမှာ မဲသွားထည့်တယ်။ တစ်ခြားရွာက သူကြီးတွေလည်း သူတို့လိုပဲ၊ ရွာက လူတွေ မသွားခိုင်းဘဲ မဲထည့်ကြတယ်။” ဟု အမည်မဖော်လိုသူ အင်းရှည်ရွာခံက ပြောသည်။

ထို့အပြင် အင်းရှည်ရွာမှ မဲရုံရှိရာသို့ ရပ်ရွာတာဝန်ရှိသူများ မဲသွားထည့်ရန်အတွက် ကားဆီဖိုးအဖြစ် တစ်အိမ်လျှင် ငွေကျပ် တစ်ထောင် ကောက်ယူခဲ့သည်ဟုလည်း ဖော်ပြပါ ရွာခံက ဆိုသည်။

ကော့ကရိတ်မြောက်ပိုင်းရှိ နောင်ထပ္ပံ၊ နန်းကော်တေးရွာ၊ နဘူး ကွက်သစ်၊ အုတ်ဖိုစုရှိ ဒေသခံများနှင့် စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၅၄၇၊ ၅၄၈၊ ၅၄၉ အပြင်ဘက်တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်း မိသားစုများကိုလည်း မဲထည့်ရန် တိမ်းရှောင်ပါက ဖမ်းဆီး အရေးယူမည်ဟု စစ်အုပ်စုက ခြိမ်းခြောက် ပြောဆိုခြင်း ရှိခဲ့ကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်မှ သိရသည်။

ထို့ကြောင့် နဘူး အ.ထ.က ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံ (၁) နှင့် (၂) နေရာတွင် မဲသွားထည့်ခဲ့ရခြင်း ဖြစ်သည်ဟု စစ်မှုထမ်းဟောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

“ခမရ ၅၄၇ တပ်က ပြောတာ တပ်ပြင်ပနေတဲ့ စစ်မှုထမ်းဟောင်းတွေ အကုန် မဲထည့်ပေးရမယ်တဲ့။ မထည့်ဘဲ ရှောင်နေရင် ဖမ်းမယ် ပြောတော့ မဲသွားပေးရတယ်။ ကွက်သစ်၊ နောင်ထပ္ပံတို့၊ နန်းကော် တေးတို့လည်း မဲထည့်ရတယ်။ မဲရုံစောင့်တာ နဘူးက ဆရာမတွေ မဟုတ်ဘူး၊ မြို့က သူတို့ ခေါ်လာတဲ့သူတွေ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အပိုင်း (၃) ရွေးကောက်ပွဲ မဲရလဒ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး အသိုင်းအဝိုင်းမှ မဲအနိုင် ရသွားသည်ဟု သတင်းထွက်ပေါ်နေသည်။

သို့သော် ကော့ကရိတ်မြို့နယ်အတွင်း မဲစာရင်း၊ မဲအရေအတွက်၊ အနိုင်မဲ ရလဒ်နှင့် ကြိုတင်မဲ ရလဒ်များအပေါ် ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကမူ ယနေ့ထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။

ဇန်နဝါရီ (၂၅) ရက်နေ့က ပြုလုပ်သွားသည့် ရွေးကောက်ပွဲ နောက်ဆုံး အပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြို့နယ် (၆၃) မြို့နယ်တွင် ပြုလုပ်သည်ဟု စစ်အုပ်စုက ကြေညာခဲ့ပြီး ကရင်ပြည်နယ်အနေဖြင့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ ပါဝင်ခဲ့သည်။

အလားတူ အာဏာသိမ်း စစ်ခေါင်းဆောင်က အဆိုပါ မြို့နယ် နှစ်ခုကို အရေးပေါ် အခြေအနေ နှင့် စစ်အုပ်ချုပ်ရေး မြို့နယ်များအဖြစ် ကြေညာထားပြီး ရွေးကောက်ပွဲ တတိယပိုင်း အပြီး (၄) ရက်အကြာတွင် သက်တမ်း ကိုးလ ထပ်တိုးခဲ့သေးသည်။