Home သတင်း စစ်မှန်သော ကော်သူးလေ တည်ဆောက်ရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းပြော

စစ်မှန်သော ကော်သူးလေ တည်ဆောက်ရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းပြော

476

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လူထုထောက်ခံမှုဖြင့် ပကတိစစ်မှန်သည့်ကော်သူးလေကို တည်ဆောက်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တည်ထောင်မှု (၇၉) နှစ်မြောက်သည့် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ် ပဒိုစောသမိန်ထွန်းက ပြောသည်။

ကေအဲန်ယူ-ဗဟို၌ ကျင်းပသည့် ကေအဲန်ယူနေ့ အခမ်းအနား၌ ပဒိုစောသမိန်ထွန်းက အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကော်သူးလေနိုင်ငံတည်ထောင်ဖို့ ဦးဆုံးကခရိုင်(၇)မှာ အခြေခံရမယ်။ တခြားအပြင်လူထုက ထောက်ခံလာရင် အဲ့နယ်မြေကိုသွားမယ်။ လူထုကထောက်ခံမှုရှိမှ၊ ကျနော်တို့ခွန်အားနဲ့လွတ်လပ်တဲ့ကရင်ပြည်မရဘူး။ လုပ်ရတဲ့သူ တွေက တစ်ကယ်လုပ်နေရတာ။ မလုပ်ရတဲ့သူက ကော်သူးလေမှာပဲမျောနေပြီး ဖြစ်ကတတ်ဆန်းရှိ စိတ်ကူးယဥ်ကော်သူးလေကိုမရဘူး။ ပကတိကော်သူးလေကိုလုပ်ရမယ် အဲဒါကြောင့်တစ်ဆင့်ချင်းတက်ရမယ်။” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

ယနေ့ (၇၉) နှစ်မြောက် ကေအဲန်ယူနေ့ အခမ်းအနားသို့ ပဒိုစောသမိန်ထွန်းအပြင် ကေအဲန်ယူ အလုပ်အမှု ဆောင်ကော်မတီဝင်များ၊ ကရင်လူငယ်အစည်းအရုံး-KYO လူငယ်များအပါအဝင် ပရိသတ် (၅၀)ဝန်းကျင် တက်ရောက်ကြသည်။ အခမ်းအနားတွင် ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ မိန့်ခွန်းဖတ်ကြားခြင်းနှင့် တက်ရောက်လာသည့်ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်း၊ ကရင်လူငယ်များက တေးသီချင်းသီဆိုဂုဏ်ပြုခြင်း အစီအစဥ်တို့ပြုလုပ်ခဲ့သည်။

ဖားအံခရိုင်၊ ကရင်လူငယ်အစည်းအရုံး-KYO အဖွဲ့ဝင် နော်ဝင်းကြည်က “(၇၉) နှစ်ပြည့်ကေအဲန်ယူနေ့မှာ လာတက်ရောက်ရတဲ့အတွက် အရမ်းပဲဝမ်းသာတယ် ပီတိဖြစ်တယ်။ ကျမတစ်ယောက်အနေပြောရရင် ကေအဲန်ယူမရှိရင် ကရင်လူမျိုးလည်းဒီထက်ပိုပြီးဖိနှိပ်ခံရမယ်လို့ ကျမထင်တယ်” ဟု အခမ်းအနားတွင် ပြောသည်။

ထို့အတူ ကေအဲန်ယူတည်ထောင်မှုနှစ်ပတ်လည်အခမ်းအနားများအား ခရိုင်အသီးသီးတွင် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ပြုလုပ်ကျင်းပကြကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

“ကွဲပြားနေတဲ့အဖွဲ့အစည်းတွေကိုပေါင်းပြီးတော့မှ ကေအဲန်ယူအနေနဲ့စုစည်းပြီး အမျိုးသားရေးရော နိုင်ငံရေး လုပ်ငန်းစဥ်ရောလုပ်ဆောင်ပေးနိုင်ခဲ့တယ်၊ ကေအဲန်ယူအနေနဲ့ ခေတ်အဆက်ဆက်မှာ ဂုဏ်သိက္ခာရှိရှိရပ် တည်ခဲ့ပြီး သူတို့မူဝါဒအတိုင်းမဖောက်ဖျက်ဘဲ လာခဲ့ကြတာဖြစ်တယ်။ ဒီအတွက် ကျနော့်အနေနဲ့ဒီနေ့မှာ ကေအဲန်ယူကိုဂုဏ်ပြုချင်ပါတယ်။” ဟု ကရင်လူငယ် စအိုင်ဆူးက ယနေ့အခမ်းအနားတွင်ပြောသည်။

လူမျိုးတစ်မျိုးအနေဖြင့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးအတွက် စည်းရုံး၊ ဦးဆောင်နိုင်ရန်ရည်ရွယ်ပြီး ကရင်ဒေါကလူအသင်း-KNA၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ်-KCO၊ ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်ခေါင်းဆောင်ကိုယ်စားလှယ်များကို စုစည်းပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ(၅)ရက်နေ့က ကေအဲန်ယူကိုဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကေအဲန်ယူသည် အုပ်ချုပ်ရေးပိုင်းအပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF စသည့် လက်နက်ကိုင်သုံးဖွဲ့ဖြင့် သက်တမ်းနှစ်(၇၀)ကျော်ကြာရှိသည့် ကရင့်တော်လှန်ရေးကို ဦးဆောင်၍လည်း အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်မဟာမိတ်များဖြင့် လက်တွဲလုပ်ဆောင်နေသည်။