ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံနှင့်ဖလူးကျေးရွာဘက်တွင် ဖေဖော်ဝါရီ (၂)ရက်နေ့မှစတင်၍ ယနေ့အထိ စစ်အုပ်စုကအသေခံဒရုန်း(ကာမီကာဇေ)အစင်းရာနှင့်ချီ လွှတ်တင်တိုက်ခိုက်နေကြောင်း စစ်မျက်နှာပြင်ရှိ ကရင်စစ်ရေးသတင်းအရင်းအမြစ်မှသိရသည်။
မယ်ထော်သလေး၊ အင်းကြင်မြိုင်ဘက်မှ အသေခံဒရုန်းအပြင် ဗုံးသီးချဒရုန်းကြီးများလွှတ်တင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များရှိနေနိုင်မည်ဟု ယူဆသည့်နေရာများသို့ စစ်အုပ်စုက နေ့ရောညပါတိုက်ခိုက်နေခြင်းဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“စစ်တပ်ကင်းထောက်ဒရုန်းက တစ်နေကုန်တင်ထားပြီး ဗုံးသီးတပ်ဒရုန်းနဲ့တစ်နေ့ကုန်ကြဲနေတာ။ တစ်ညလုံးကာမီကာဇေတွေလွှတ်တယ်၊ အခုရက်ထဲတင် အစီးရေရာချီနေပြီ။ ကိုယ့်ဘက်ကပစ်ချလို့ပြုတ်ကျတာမျိုးလည်းရှိတယ်။ ပြီးတော့ သူတို့မြေပြင်ကမတက်နိုင်ဘူး၊ လက်နက်ကြီးနဲ့တော့ပစ်တယ်။” ဟု ၎င်းတပ်ဖွဲ့ဝင်က ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၄ ရက်)က ဖလူး-ဝေါလေလမ်းပိုင်းမှတဆင့် တက်လာသည့်စစ်အုပ်စုယာဥ်တန်းမှာမူ မယ်ထော်သလေးနှင့်အင်ကြင်းမြိုင်ကျေးရွာတွင်သာ ဆက်ရှိနေပြီးရှေ့ဆက်မတက်နိုင်သေးကြောင်း သိရသည်။
သုံးရက်တာ စစ်အုပ်စု၏ဒရုန်းတိုက်ခိုက်မှုအတွင်း ဖလူးကျေးရွာဘက်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းခြံဝင်းများဘက်သို့ ကျရောက်ပေါက်ကွဲမှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများလည်းရှိခဲ့သည်။ ၎င်းတွင် အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ကဆိုထားပြီး ကေအိုင်စီအနေဖြင့် အသေးစိတ်အတည်ပြုနိုင်ရန်ကြိုးပမ်းနေသည်။
စစ်ဘေးရှောင်ဖလူးရွာသားက “ဖလူးဘုရားကုန်းဘက်၊ မင်းလက်ပံရွာဘက်၊ ဖလူးကြီးရွာဘက်ကို ဒရုန်းတွေကျတာ။ ကျားဖျန့်ရုံတွေဘက်လည်းပါတယ်။ အရပ်သားတွေသေတာ၊ ထိခိုက်တာရှိတယ်။ ကျားဖြန့်ကိုလည်း စစ်အုပ်စုကသူတို့နှိမ်နှင်းတိုက်ခိုက်တယ်ဆိုတဲ့သဘောမျိုးလုပ်နေတာ” ဟု ကေအိုင်စီကိုပြောသည်။
လတ်တလော ကရင်ပြည်နယ်သို့ စစ်အုပ်စုကစစ်ကူပို့ရာ၌ လက်နက်ခဲယမ်း၊ သံချပ်ကာတင့်ကား၊ အလုံပိတ်သံပြားကာ လက်နက်ကြီး၊ ဟောင်ဝှစ်ဇာ သယ်ဆောင်သည့်ယာဥ်များကို စစ်အင်ဂျင်နီယာတပ်၊ ဒရုန်းတပ်များဖြင့်ဖြန့်ခွဲ့ပို့ဆောင်နေခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အားလည်း ၂,၀၀၀ ထောင်ဝန်းကျင်အထိရှိနိုင်ကြောင်း စစ်အုပ်စုနှင့်နီးစပ်သူအသိုင်းအဝိုင်းက ယူဆပြောဆိုနေကြသည်။



















