Home သတင်း ကော့ကရိတ်နယ်မြေအရယူရေး တပ်ရင်း (၈) ရင်းဖြင့် စစ်အုပ်စု ထိုးဖောက်နေပြီး ရှေ့တိုးမရသေး

ကော့ကရိတ်နယ်မြေအရယူရေး တပ်ရင်း (၈) ရင်းဖြင့် စစ်အုပ်စု ထိုးဖောက်နေပြီး ရှေ့တိုးမရသေး

349
Photo: Social Media

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်သို့ ကော့ကရိတ်အပါအဝင် ကျုံဒိုးနှင့် နဘူးမှ ခြေလျင်၊ ခြေမြန်တပ်ရင်း (၈) ရင်းအင်အားဖြင့် စစ်အုပ်စုက ထိုးဖောက်နေသော်လည်း ရှေ့ဆက်မတိုးနိုင်သေးကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်များ ထိန်းချုပ်လှုပ်ရှားသည့် ကော့ကရိတ်မြို့နယ်အတွင်း စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)၊ (၅၄၇)၊ (၅၄၈)၊ (၅၄၉)၊ ခြေလျင်တပ်ရင်း ခလရ (၉၇)၊ (၂၃၀)၊ (၂၃၁) အပါအဝင် တပ်မ (၄၄)၊ (၂၂) မှ စစ်သားသစ် အကူအင်အားများဖြင့် ပူးပေါင်းထိုးစစ်ဆင်နေသည်မှာ လေးလနီးပါးကာလ ကြာမြင့်နေပြီဟု ဆိုသည်။

“ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုထိ သူတို့ကော့ကရိတ်တစ်နယ်လုံးကို စစ်ဆင်ရေးလုပ်နေတာ တိုးမရသေးဘူး။ မရတော့ ဗုံးကြဲ၊ ဒရုန်းနဲ့ချ၊ ဟောင်ဝှစ်ဇာနဲ့ပစ်တယ်၊ အဲဒါကတော့ နေ့တိုင်းရှိတယ်” ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက ထီဖိုးစံ၊ ‌နောင်ကိုင်း၊ အောက်ဘိုတဲလမ်းပိုင်းနှင့် ကျုံဒိုး-ကော့ကရိတ်၊ ကိုးတိုင်လမ်းပိုင်း၊ ကော့ကရိတ်-မြဝတီလမ်းပိုင်း များအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ရှိသည်။ မဟာမိတ်တပ်များကြောင့်သာ ယနေ့ထက်ထိ ထိန်းမရဖြစ်နေကြောင်း ဒူးပလာယာခရိုင်နယ်မြေ KNLA ဘက်က ဆိုသည်။

တပ်ဖွဲ့ဝင်တစ်ဦးက “ကျုံဒိုးနွားခြံကုန်းအထိတော့ သူတို့တပ်ချထားတယ်။ ကားလမ်းမကြီးက သွားမရဘူး စိတ်မချရလို့။ ကိုးတိုင်ဘက်လည်း ကရင်အဖွဲ့စုံရှိတယ်။ အောက်ဘိုတဲကနေ ရန်ကုတ်လမ်းဟောင်းကိုလည်း သူတို့ထိန်းမရဘူး။ နဘူးဘက်ကနေ ထို့ကော်ကိုး၊ ၁၀၁၈ လမ်းတွေကိုလည်း သူတို့တပ်စွဲလို့မရဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လနှင့်ချီ ကြာမြင့်နေသည့် တိုက်ပွဲတစ်ဖက်တွင် ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံ၊ မြပတိုင်အပါအဝင် ကျေးရွာ (၁၀) ရွာထက်မနည်းရှိ ဒေသခံ (၅,၀၀၀) ခန့် စစ်ဘေးရှောင်နေရသည်။

ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းရက်မှစပြီး ကော့ကရိတ်နယ်မြေအတွင်း စစ်အုပ်စု၏ စစ်ရေးအရှိန်မှာ ယခင်ထက် တိုးမြှင့်တိုက်ခိုက်လာသည်။ သို့ရာတွင် မြေပြင်မှတက်လာသည့် ၎င်းတို့စစ်ကြောင်းအလိုက် တပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှု များပြားနေသလို KNLA မဟာမိတ်တပ်ဖွဲ့ဘက်တွင်လည်း အသေခံဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု တချို့ရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။