ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းရက်ကတည်းက စ၍ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) အထိ ကရင်လက်နက်ကိုင်အဖွဲ့များ၏ လောင်းကစားရုံနေရာများကို စစ်အုပ်စုဝင်ရောက်ဖမ်းဆီးမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ဖမ်းဆီးခံရသူ ၅၀ ထက်မနည်း ရှိလာကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ညနေပိုင်းက မြဝတီမြို့ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် ကရင်နယ်ခြား စောင့်တပ်/ကရင်အမျိုးသားတပ်မတော်(BGF/KNA) တပ်ဖွဲ့ဝင်တို့၏ ကာစီနိုရုံ၊ ဖဲရုံ၊ ငါးဂိမ်းရုံများကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု မြဝတီမြို့ခံများက ဆိုသည်။
စစ်သား၊ ရဲ၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးမှူး ပါဝင်သည့် စစ်အုပ်စုအဖွဲ့က ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး လောင်းကစားပြုလုပ်သူ၊ ဒိုင်လုပ်သူနှင့် လောင်းကစားရုံအလုပ်သမား စုစုပေါင်း လူ ၅၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
“သံတံတားလမ်းဘက်က ရွှေဖျံရုံ၊ ကျောက်လုံးကြီးဘုရားအနောက်ဘက်က ရုံတွေနဲ့ ရွှေမြဝတီ ဈေးသစ်နားက လောင်းကစားရုံတွေကို ဝင်ဖမ်းတာ။ တပ်မ (၂၂) အဖွဲ့နဲ့ အုပ်ကြီးတွေပါ ပါတယ်” ဟု မြဝတီမြို့ခံက ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း DKBA ကြက်ဝိုင်းတစ်ခုကို BGF နှင့် စစ်အုပ်စုက ဝင်ရောက်ဖမ်း ဆီးခဲ့ပြီး DKBA အဖွဲ့ဝင် ၄ ဦးအပါအဝင် လူငယ်များ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့သည်။
ထိုရက်က ဖမ်းမိသည့် DKBA ၄ ဦးကို စစ်အုပ်စုက သက်ဆိုင်ရာအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးပြီး ကျန်လူငယ်များ ပြန်မလွှတ်ကြောင်း သိရှိထားသော်လည်း ယမန်နေ့က ဖမ်းမိသူများတွင် လက်နက်ကိုင်အဖွဲ့ဝင် ပါ၊ မပါကို ကရင်သတင်းဌာန (ကေအိုင်စီ) အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ထို့အပြင် စစ်အုပ်စု ဖမ်းဆီးထားသည့် လောင်းကစားရုံမှ လူငယ်အချို့ကိုမူ စစ်မှုထမ်းရန် စစ်သင်တန်းပို့ဆောင်နေကြောင်း မြဝတီမြို့တွင်း သတင်းထွက်ပေါ်လျက်ရှိသည်။
လောင်းကစားရုံများကို ဝင်ရောက်ဖမ်းဆီးမှု ရှိသော်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နေရာများတွင် အဖမ်းအဆီးမရှိဘဲ ပုံမှန်လည်ပတ်နေသည်ဟု လုပ်ငန်းအဆောက်အအုံရှိရာ အနီးတစ်ဝိုက် နေထိုင်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
ကျားဖြန့်ရုံတွင် အလုပ်လုပ်သူတစ်ဦးက “သူတို့ဖမ်းတာက ရပ်ကွက်ထဲက ဂိမ်းရုံတွေ၊ အာဝါဒေးတွေ ဖမ်းတာ။ သဲပုံဂိတ်တို့၊ ကရင်စာပေဂိတ်တို့၊ စစ်မှုထမ်းဟောင်းရပ်ကွက်ထဲက ကျားဖြန့်နေရာတွေကို မဖမ်းဘူး။ ဒီဘက် ဖားခြောက်ကောင် မွေးမြူရေးဇုန်ဘက်က ကျားဖြန့်ဆိုက်တွေလည်း ဒီတိုင်းပဲ ဆက်လုပ်နေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကြက်ဝိုင်းဖမ်းခံရမှုတွင် မြေနေရာငှားရမ်းခြင်းရော ဦးဆောင် သည့်အပိုင်းရော လုပ်ကိုင်သူသည် DKBA အဖွဲ့ဝင်ဖြစ်ကြောင်း မြို့ခံအချို့က ဆိုထားသည်။ အဖွဲ့တာဝန်ရှိ ဗိုလ်ချုပ်ကြီး စောရွှေဝကမူ လောင်းကစားလုပ်သူ ၄ ဦးကို စည်းမျဉ်းအတိုင်း အရေးယူမည်ဟုသာ ပြောဆိုခဲ့သည်။
အဖမ်းအဆီးကိစ္စများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် မြဝတီရှိ ကရင်လက်နက်ကိုင်အဖွဲ့ အပါအဝင် ၎င်းတို့နှင့် ဆက်နွှယ်နေသည့် တရားမဝင်လုပ်ငန်းများ၊ သောင်ရင်းမြစ်ကမ်းကူးဂိတ်၊ လှေဂိတ်များကို လည်း စစ်အုပ်စုက ဆက်လက်ဖမ်းဆီးရန် ရှိကြောင်း သတင်းထွက်နေသည်။




















