Home သတင်း ပုလောတွင် စစ်အုပ်စု စစ်ကြောင်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေ

ပုလောတွင် စစ်အုပ်စု စစ်ကြောင်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေ

417
Photo: တပ်မဟာ (၄) အထူးတပ်ဖွဲ့

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် စစ်ကြောင်း နှင့် ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ လမ်းဆုံဂိတ်သို့ အင်အား ၃၀ ခန့် စစ်ကြောင်းထိုးလာသော စစ်အုပ်စုတပ်သည် လှည်းကျွန်း ဝရွာအရောက်တွင် KNLA အထူးတပ်ဖွဲ့၏ ထောင်ထားသော မိုင်းနင်းမိပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးကာ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုမိုင်းပေါက်ကွဲပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း KNLA အထူးတပ်ဖွဲ့က ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်နေ့များတွင်လည်း ပုလောမြို့ပေါ်ရှိ အမှတ် ၅ ဂိတ်၊ ကျောက်စုဂိတ်နှင့် နန်းတောင်ရွာ စစ်တပ်စခန်းကုန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၈ ရက်နေ့တို့တွင်လည်း ပုလောမြို့နယ်အတွင်းရှိ စစ်တပ်၏ အမှတ်( ၄) ဝန်ထမ်းအိမ်ရာ၊ ကျောက်စုဂိတ်၊ နန်းတောင်ဂိတ်၊ အမှတ် ၇ ဂိတ်နှင့် တောင်ယာ ကမ်းရွာဂိတ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ချက်အရ စစ်ရေးအရှိန် တိုးမြင့်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေး အသိများဖြင့် နေထိုင်သွားလာကြရန်၊ စစ်တပ် တပ်စွဲထားသည့်နေရာများနှင့် အနီးအနားများတွင် နေထိုင်ခြင်းမပြုရန် သတိပေးခဲ့သည်။