Home သတင်း ထိုင်းဘက်ပြေးသည့် ကရင်နီ၊မယ်စဲ့က အကျဥ်းသား(၆၈)ဦး မြဝတီ ခလရ ၂၇၅ သို့ရောက်

ထိုင်းဘက်ပြေးသည့် ကရင်နီ၊မယ်စဲ့က အကျဥ်းသား(၆၈)ဦး မြဝတီ ခလရ ၂၇၅ သို့ရောက်

632
Photo: CJ

ဇန်နဝါရီ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့အကျဥ်းထောင်မှထိုင်းဘက်ထွက်ပြေးလာသူ အကျဥ်းသား(၆၈)ဦးအား ထိုင်းတာဝန်ရှိသူများက နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)မှတဆင့် ဇန်နဝါရီ(၂၆)ရက်နေ့တွင် မြန်မာဘက်ပြန်လည်ပို့ဆောင်ခဲ့ပြီး မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နယ်စပ်ဒေသအာဏာပိုင်နီးစပ်သူများထံမှ သိရသည်။

၎င်းတို့ကို ထိုင်းအာဏာပိုင်များက မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်-၂ မှတဆင့် အာဏာသိမ်းစစ်အုပ်စုထံပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် စစ်အုပ်စုက မြဝတီမြို့ စောင့်တပ် ခြေလျှင်တပ်ရင်း ခလရ -၂၇၅ သို့ ဆက်လက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မဲဆောက်အာဏာပိုင်များနှင့်နီးစပ်သူက ဆိုသည်။

“မဲဆောက်ကို နေ့လည်၂ နာရီ ကျော်မှာရောက်တယ်။ ကရင်နီကပြေးလာတဲ့လူ ၆၈ ယောက်ပါတယ်၊ ခလရ ၂၇၅ ကိုပို့ဖို့ တံတား၂ မှာ ထိုင်းဘက်ကလာလွှဲပေးပြီး မြဝတီနယ်ခြားကော်မတီ ရှေ့တန်းရုံးကဗျူဟာမှုးအဖွဲ့တွေက စစ်ကားနဲ့လာခေါ်သွားတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။

မြန်မာဘက်လွှဲပေးလိုက်သည့် အကျဉ်းသားများတွင် ကရင်နီပြည်နယ်၊ ဖားဆောင်းနှင့်‌ ဘော်လခဲအခြေစိုက်တပ်များဖြစ်သော စစ်အုပ်စု တပ်မ ၆၆ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ-၁၊ ခမရ-၁၄နှင့် ခမရ ၁၃၀ တပ်ရင်း များမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအဆင့်ရှိ အရာရှိအရာခံတပ်ဖွဲ့ဝင်များပါဝင်ပြီး ကရင်နီတော်လှန်ရေးတပ်များ၏ ဖမ်းဆီးအကျဥ်းချခံထားရသူများဖြစ်ကြောင်း သိရသည်။

Photo: CJ

မြန်မာဘက်လွှဲပြောင်းလာသည့်အကျဥ်းသားများကို မြဝတီ ခလရ-၂၇၅ သို့ပို့ဆောင်ရာတွင် ကရင်နယ်ခြားစောင့်တပ်-BGF ကလည်း စစ်သုံးမော်တော်ယာဥ်များဖြင့် သယ်ယူရေးအကူအညီပေးခဲ့သည်ဟု မြဝတီမြို့သတင်းအရင်းအမြစ်ကဆိုသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ BGF တာဝန်ရှိသူထံ ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့် ဖုန်းနှစ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှုမရှိပေ။

ကြားကာလကရင်နီအုပ်ချုပ်ရေးကောင်စီ-IEC ၏ထုတ်ဖော်ပြောဆိုမှုအရ ဇန်နဝါရီ (၁၈)ရက်နေ့က မယ်စဲ့အကျဥ်းထောင်မှ ဖောက်ထွက်ပြေးသွားသည့် စစ်သုံ့ပန်းအကျဉ်းသား (၈၀)ဝန်းကျင်အနက် ထိုင်းဘက်ထွက်ပြေးလွတ်မြောက်သူ(၆၈)ဦးရှိပြီး (၁၃)ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်(၅)လက်နှင့်တကွ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အပြင် ထောင်ဖောက်ထွက်ပြေးလွတ်မြောက်နေသူ မကျန်ရှိတော့ခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်များအနေဖြင့် ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းလည်း IEC က ဆိုသည်။