Home ရွေးကောက်ပွဲသတင်း ရွေးကောက်ပွဲအတွက် ကျုံဒိုးမှာ စစ်အုပ်စုအင်အားအများအပြားတပ်စွဲ

ရွေးကောက်ပွဲအတွက် ကျုံဒိုးမှာ စစ်အုပ်စုအင်အားအများအပြားတပ်စွဲ

579
Photo: CJ

ဇန်နဝါရီ (၁၀) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကောကရိတ်ခရိုင်၊ ကျုံဒိုးမြို့ပေါ်ရပ်ကွက်၊ မြို့တွင်းမြို့ပြင်နှင့် စစ်အုပ်စုတပ်ရင်း၊ စခန်းကုန်းနေရာများတွင် ဇန်နဝါရီလ(၇)ရက်နေ့မှစ၍ ရွေးကောက်ပွဲရက်အတွက် စစ်အုပ်စုတပ်ဖွဲ့ဝင်အင်အား ရာချီတပ်စွဲနေရာယူမှုရှိနေကြောင်း ကျုံဒိုးမြို့နေထိုင်သူများ၏ပြောပြချက်အရ သိရသည်။

အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ(၁၁)ရက်၊ အပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက်တို့တွင် ဖာပွန်၊ လှိုင်းဘွဲ၊ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ဆက်လက်ကျင်းပသွားရန်ဖြစ်ကြောင်း စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။

ထို့ကြောင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်(၄)ခုအပါအဝင် စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆နှင့် ဗျူဟာကုန်းစခန်း၊ ရဲစခန်းများတွင်ပါ စစ်အင်အားကြိုတင်ဖြည့်တင်း နေရာယူတပ်စွဲလာခြင်းဖြစ်သည်ဟု အခြေအနေကိုလေ့လာစောင့်ကြည့်နေသည့် ကျုံဒိုးမြို့ပေါ်နေအမျိုးသားတစ်ဦးက ပြောသည်။

“ကျုံဒိုးဘုရားကုန်းရော၊ အမှတ်၆ကမ်နားတန်းကျောင်းရော တပ်ကအပြည့်နေရာယူထားတယ်၊ ခမရ ၅၄၅တပ်နဲ့ ၅၄၆မှာလည်း တပ်မ ၄၄ က ဗျူဟာမှုးရှိနေတယ်။ ရွေးကောက်ပွဲရက်ဆိုရင်မြို့ဝင်မြို့ထွက်ပိတ်ချပြီး ရပ်ကွက်ကလူတွေကိုမဲထည့်ခိုင်းမယ်လို့ကြားနေတယ်” ၎င်းအမျိုးသားက ပြောသည်။

ဒေသတွင်းသတင်းအရင်းအမြစ်တချို့၏ပြောပြချက်အရ ကျုံဒိုးမြို့ပေါ်ရပ်ကွက်(‌‌၄)ခုတွင် မဲရုံများထားရှိရန်လျာထားပြင်ဆင်နေပြီး မြို့ပြင်ကျေးရွာများ၌ ထပ်တိုးမဲရုံများပြုလုပ်ရန်ရှိကြောင်း သိရသည်။ ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှုးများအပါအဝင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့နှင့် DKBA ဗိုလ်ဘိတပ်ဖွဲ့ က မဲရုံလုံခြုံရေးအကူအညီပေးမည်ဟု သတင်းထွက်နေပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

Photo: CJ

ထို့အတူ စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့က ဂျိုင်းတံတားဖြတ်သန်းသွားလာမှု၊ ကမ်းနီလှေဆိပ်၊ သရက်တောလှေဆိပ် စသည့်ကမ်းကူးလှေဆိပ်များအပြင် ဂျိုင်းရွာကြီးနှင့်ကျားကလေးလမ်းပိုင်းများတွင်လည်း ကင်းပုန်း၊ လမ်းကင်းများချထားသည်ဟု ကမ်းနားနေထိုင်သည့် အမည်မဖော်လိုသူသတင်းအရင်းအမြစ်က ဆိုသည်။

၎င်းက “စစ်တပ်နဲ့BGF တွေက ကျားကလေးလမ်း၊ ဒူရိန်လမ်းဘက်အထိ တစ်နေရာကို လေး၊ငါး၊ခြောက်ယောက်တစ်စုတစ်စုနဲ့ ရော်ဘာခြံတွေ၊ ရွာသားခြံကွက်တွေထဲမှာနေရာယူထားတယ်၊ ကျုံဒိုးစစ်တပ်ဘက်ကနေလုံခြုံရေးစီမံနေတာလို့ကြားတယ်။ ဂျိုင်းလှေဆိပ်တွေမှာက BGF တွေရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ဒုတိယပိုင်းရွေးကောက်ပွဲနယ်မြေတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီပထမအပတ်က လုံခြုံရေးအကြောင်းပြပြီး စစ်အုပ်စုဝင်ရောက်နေရာမှုများလုပ်လာကြောင်း ဒေသခံများနှင့်ဖားအံခရိုင် ကေအဲန်ယူအဖွဲ့ဝင်များက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၂၈)ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံ၊ မြဝတီနှင့် သံတောင်ကြီးမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို စစ်အုပ်စုကကျင်းပခဲ့သည်။ ၎င်းတွင် ကြံ့ခိုင်ရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖလုံ/စဝေါ် ဒီမိုကရက်တစ်ပါတီအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ချို့ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီကမဲအနိုင်ရထားကြောင်း သိရသည်။