Home သတင်း ညောင်လေးပင်တွင် စစ်အုပ်စု လက်နက်ကြီးနှင့်ဒရုန်းကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်တွင် စစ်အုပ်စု လက်နက်ကြီးနှင့်ဒရုန်းကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

519
Photo: KNU

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) နှင့် ဆောထိ(ရွှေကျင်) မြို့နယ်အတွင်း စစ်အုပ်စုတပ်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် အရပ်သားပြည် သူ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ‌ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဇရပ်ခင်ကျေးရွာမှ အသက် (၃၅) နှစ်အရွယ် ဦးအောင်ကိုလှ ထိမှန်သေဆုံးပြီး အလယ်စုကျေးရွာနေ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့(ဇန်နဝါရီလ ၈ ရက်)တွင် ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်နေ့က ရွှေကျင်မြို့နယ် ဝိုင်ကျွန်းကျေးရွာသို့ စစ်တပ်က ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုတွင်လည်း ဒေသခံများ၏နေအိမ်အတွင်း ကျရောက် ပေါက်ကွဲပြီး အသက် ‌(၄၃) နှစ်အရွယ် မကေသွယ်ထွန်း ထိမှန်သေဆုံးခဲ့ရာ ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်ဟုလည်း ကေအဲန်ယူက ပြောသည်။

Photo: KNU

စစ်အုပ်စု၏ တပ်စခန်းများမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးအပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူထိခိုက်သေဆုံးမှုအပြင် ဒေသခံပိုင် လူနေအိမ် (၄) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် စျေးဆိုင် (၁) ဆိုင် ထိမှန်ပျက်စီးသွားကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများအား အဓိက ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိနေသည်ဟု KNU က ပြောသည်။

ကေအဲန်ယူတပ်မဟာ (၃) နယ်မြေရှိ ညောင်လေးပင်ခရိုင်အတွင်း စစ်အုပ်စု၏ အခြေစိုက်စခန်းများမှ ယခုလို ကျေးရွာအတွင်း လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက် မှုများကြောင့် ဒေသခံများမှာ လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။