Home သတင်း ပိုင်ကျုံမြို့နယ်တွင် မဲရုံလုံခြုံရေး အကြောင်းပြ၍ စစ်အုပ်စုများ ဝင်ရောက်နေရာယူ

ပိုင်ကျုံမြို့နယ်တွင် မဲရုံလုံခြုံရေး အကြောင်းပြ၍ စစ်အုပ်စုများ ဝင်ရောက်နေရာယူ

850
Photo: CJ

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ မဲရုံလုံခြုံရေး အကြောင်းပြ၍ စစ်အုပ်စုများ ဝင်ရောက်နေရာယူနေကြောင်း ဒေသခံရွာသားများက ကေအိုင်စီသို့ ပြောသည်။

အင်အား ၃၀၀ နီးပါး စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့တွင် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းအနီးရှိ ကစို၊ ကမာလင်း၊ ငှက်ပျောတော၊ နောင်ခလုံး စသည့် ကျေးရွာထဲသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မဲပုံးထားရှိသည့် ရွာများနှင့် စာသင်ကျောင်းများတွင် အများစု နေရာယူ ထားခြင်းဖြစ်သည်ဟု ပိုင်ကျုံဒေသခံတစ်ဦးက ပြောသည်။

“ ပိုင်ကျုံနဲ့ လှိုင်းဘွဲလမ်းက ရွာတော်တော်များမှာ မဲပုံးလာထောင်ထားတော့ သူတို့ လူခြုံရေး လာယူ ပေးရတယ် ပေါ့နော်။ မဲပုံးရှိတဲ့ ရွာတွေမှာ သူတို့လူတွေကို ထားထားတယ်။ လေးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ အဲ့လိုခွဲထားပြီး ‌နေကြတယ်။” ဟု ၎င်းပိုင်ကျုံဒေသခံက ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် လှိုင်းဘွဲ-ပိုင်ကျုံ လမ်းပိုင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးချထားမှုကို ပိုမိုတင်းကြပ်ထားသလို မဲကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးယူရန် ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသော်လည်း အခြားရည်ရွယ်ချက်များ ရှိမရှိ စောင့်ကြည့်ရမည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောသည်။

ယခုလို ကျေးရွာများသို့ စစ်အုပ်စုများ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေပြီး နီးစပ်ရာသို့ ကြိုတင်ထွက် ပြေးတိမ်းရှောင်မှုများ ရှိနေကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

“ မဲပုံးရှိတဲ့ ရွာနဲ့ နီးတဲ့လူတချို့လည်း အနီးအနားက ရွာတွေဘက်ကို သွားပြောင်းနေကြတယ်။ တာဝန်အရ လာလုပ်တာပါ။ ရွေးကောက်ပွဲပြီးရင် သူတို့ပြန်သွားမယ်လို့ ပြောတယ်” ဟု KNU ပိုင်ကျုံမြို့နယ်မှူး စောဖလဲ့ဒီးဝါးက ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်သည် KNU ထိန်းချုပ်နယ်မြေ ဖြစ်သလို ကရင်နယ်ခြားစောင့်တပ်-BGF မှ အသွင်ပြောင်း ထားသည့် ကရင်အမျိုးသားတပ်မတော်-KNA ထိန်းချုပ်ရာ နေရာလည်းဖြစ်သည်။ KNA အဖွဲ့မှ မဲရုံလုံခြုံ ရေးယူပေးမည်ဟု ဒေသခံများကြား ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်အုပ်စုက လာမည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၀၀) ခန့်ဖြင့် ပြုလုပ်မည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ ကရင်ပြည်နယ်မှ လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့ ပါဝင်သည်။