Home သတင်း လှိုင်းဘွဲတွင် မဲရုံလုံခြုံရေး လာယူသည့် စစ်အုပ်စုတပ် အင်အားထပ်မံဖြည့်တင်း

လှိုင်းဘွဲတွင် မဲရုံလုံခြုံရေး လာယူသည့် စစ်အုပ်စုတပ် အင်အားထပ်မံဖြည့်တင်း

583
Photo: CJ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မဲရုံလုံခြုံရေး အကြောင်းပြ၍ လှိုင်းဘွဲမြို့နယ်အတွင်း ဝင်ရောက်နေယူထားသည့် စစ်အုပ်စု တပ်ဖွဲ့ဝင် များသည် ယခုအချိန်ထိ ပြန်လည်ထွက်ခွာခြင်းမရှိဘဲ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။

ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် လှိုင်းဘွဲမြို့နယ်အတွင်း လုံခြုံရေးယူရန်ဟုဆိုကာ ဇန်နဝါရီလ ပထမအပတ်မှ စတင်၍ စစ်အုပ်စုတပ်က ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ လှိုင်းဘွဲမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများအပြင် လှိုင်းဘွဲ-ပိုင်ကျုံ လမ်းပိုင်းနှင့် ထီလုံ-တာပေါင် လမ်းပိုင်းတွင် အင်အား ဖြည့်တင်းပြီး လုံခြုံရေးတိုးမြှင့် စစ်ဆေးမေးမြန်းမှုများ ပိုမိုပြုလုပ်နေကြောင်း ဖြတ်သန်းသွားလာသူများက ပြောသည်။

ဒေသခံ အမျိုးသမီးသမီးတစ်ဦးက “ အရင်က တာပေါင်တံတား တဖက်ကမ်းမှာပဲ ရှိတယ်။ အခု နောင်ဘိုကြီးဘက်မှာလည်း နေရာပြန်ယူနေတယ်။ သဲအိတ်တွေနဲ့ နေရာကောင်းကောင်းယူထားတယ်။ ဘယ်ကားမှအလွတ်မပေးဘူး၊ မေးမြန်းစစ်ဆေးတယ်။ ဖောင်တော်ဦး၊ ကော့ပေါရွာမှာလည်း ရှိတယ်။ တာပေါင်တံတားမှာ ပိုများလာတယ်။ မဲရုံလာစောင့်တုန်းက ၃ ယောက် ၄ယောက်လောက်ပဲ ရှိခဲ့တာ။ ဒီရက်ပိုင်းအတွင်း အင်အား ပိုချဲ့လာတာ တွေ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကွမ်ဘီမှ လှိုင်းဘွဲ-ဖားအံ လမ်းတစ်လျှောက်ရှိ စစ်အုပ်စု စခန်းများတွင် ယခင်ကထက် လူအင်အား ပိုမိုများပြားလာပြီး ဂိတ်တစ်ခုချင်းစီတွင်လည်း တပ်ဖွဲ့ဝင်များကို ထပ်မံချထားကာ စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ၁၁ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် ဖားအံ တခေါက်ဆင်းတော့ အသွားကအဆင်ပြေတယ်။ ရွေးကောက်ပွဲရက်အပြီး‌ အပြန်ကျတော့ စစ်ဆေးရေးဂိတ်တွေ တိုးလာပြီး စစ်တာတွေ ပိုလုပ်လာတော့ ရှောင်ပြီး ပြန်လာရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ထို့ကြောင့် လက်ရှိအခြေအနေအရ စစ်အုပ်စုတပ်ဖွဲ့ဝင်များရှိရာ လမ်းပိုင်းအခြေအနေကို ကြိုတင် စုံစမ်းမေးမြန်းခြင်းပြုလုပ်ပြီးမှသာ ဖြတ်သန်းသွားလာကြရန်လည်း ဒေသခံများကြား သတိပေး ပြောဆိုကြသည်။

KNU မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူက “သူတို့မှာ တခြားရည်ရွယ်ချက်ရှိနေမလားဆိုတာ ပြောမတတ်ဘူး။ အင်အားတွေ ပိုပိုပြီး ထပ်ဖြည့်လာတာတော့ ဟုတ်တယ်။ အရေအတွက် အတိအကျတော့ မသိပေမယ့် ကစို၊ ကျောက်တောင်တွေဘက်မှာက များလောက်တယ်။ အခြေအနေတွေ စောင့်ကြည့်ပြီး တစ်ခုခုဆို သတိအနေအထားနဲ့ ရှိနေရတာပေါ့” ဟု ပြောသည်။

စစ်အုပ်စုတပ် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ နယ်မြေအတွင်း တိုက်ပွားဖြစ်ပွားမှုမရှိသေးဘဲ ဒေသခံတချို့သည် နေရပ်ပြန်မနေထိုင်ရဲသေးကြသည့်အပြင် လုံခြုံရေးစိုးရိမ်သောကြောင့် နီးစပ်ရာသို့ ဆက်လက်တိမ်းရှောင်နေကြဆဲ ဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

စစ်အုပ်စုတပ်၏ ယခုလို မဲရုံလုံခြုံရေးအကြောင်းပြကာ ဝင်ရောက်နေရာယူခြင်းသည် နယ်မြေစိုးမိုးရေးအတွက် ဖြစ်နိုင်သလို ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ် -BGFမှ ကရင်အမျိုးသားတပ် -KNAအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အခြေအနေများနှင့် သက်ဆိုင်မှုရှိနိုင်သည်ဟု ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။