ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အတုအယောင်ရွေးကောက်ပွဲပထမပိုင်း၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မဲရလဒ်စာရင်းရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDPမှ ကရင်ပါတီများကို ကျော်လွန်၍ အနိုင်ရရှိသွားသော်လည်း စစ်အုပ်စုမိသားစုအသိုင်းအဝိုင်းမှလွဲ၍ ဆန္ဒမဲသွားပေးသူမရှိခဲ့ကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်မဲအနိုင်ရပါတီစာရင်းကို စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် မထုတ်ပြန်သေးသော်လည်း ဖားအံ၊ မြဝတီ၊ သံတောင်ကြီး မြို့နယ်(၃)ခုလုံးအတွက် USDP က မဲအနိုင်ရသွားသည်ဟု ပြည်နယ်စစ်အုပ်စုအဖွဲ့နီးစပ်သူများနှင့် ပါတီနိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။
သံတောင်ကြီးမြို့နယ်အနေဖြင့် ဘုရင့်နောင်တပ်စခန်းနှင့် လိပ်သိုမြို့ စစ်အုပ်စုအခြေစိုက် ၆၀၃ တပ်စခန်းအတွင်း မဲရုံထောင်၍ တပ်မိသားစုများမဲသွားပေးသည်မှအပ မြို့ပေါ်ရပ်ကွက်များတွင် မဲရုံလုံးဝမရှိသလို ဒီဇင်ဘာ(၂၈)ရက်နေ့က ဆန္ဒမဲပေးသူလည်း လုံးဝမရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
“ဘုရင့်နောင်တပ်ထဲမှာတော့မဲရုံရှိတယ်လို့ကြားတယ်။ သူတို့မိသားစုတွေကတော့ပေးချင်ပေးမှာပေါ့။ သေချာတာက သံတောင်ကြီးမြို့ပေါ်မှာမဲရုံ ရှိကိုမရှိတာ၊ အဲဒီ ၂၇၊ ၂၈ နှစ်ရက်က ဘယ်သူမှအပြင်တောင်မထွက်ကြဘူး။” ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။
မဲရုံစောင့်မည့်အရေး သံတောင်ကြီးမြို့ရှိ ကျောင်းဆရာ၊ ဆရာမများကို စစ်အုပ်စု၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဘက်က ခေါ်ယူခြင်းမရှိခဲ့သလို မဲထည့်ရန်လိုက်လံလှုံ့ဆော်မှုလည်း မရှိခဲ့ကြောင်း သိရသည်။
သို့သော် ဒီဇင်ဘာ (၂၇)ရက်နှင့်(၂၈)ရက်နေ့တို့တွင် တယ်လီဖုန်းလိုင်းနှင့်ဝိုင်ဖိုင် အင်တာနက်လိုင်းများအားလုံး ဆက်သွယ်ရေးပြတ်တောက်ခဲ့ပြီး မြို့နယ်အတွင်း စစ်အုပ်စုကလက်နက်ကြီးခြိမ်းခြောက် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။
ထို့အပြင် မြို့နယ်ခွဲအဆင့်ရှိ လိပ်သိုမြို့တွင်လည်း စစ်အုပ်စုအခြေစိုက်ထားသည့် (၆၀၃) တပ်ရင်း အတွင်းသာ မဲပုံးထောင်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူတို့မဲလာပေးမှု မရှိဟု လိပ်သိုမြို့နေထိုင်သူအချို့၏ပြောပြချက်အရ သိရသည်။
လိပ်သိုမြို့နေ အမျိုးသားတစ်ဦးက “ဘယ်သူမှမဲလာမပေးဘူး။ ဘယ်သူမှလည်း မဲပေးဖို့လိုက်မခေါ်ဘူး။ လိုက်မခေါ်ဘူးဆိုတာ သူတို့(စစ်အုပ်စု)မှာ နာမည်စာရင်းရှိထားပြီးသားပဲလေ။ ပြီးတော့မဲပုံးက (၆၀၃)တပ်ရင်းထဲမှာပဲထောင်ထားတာ မြို့ပေါ်မှာမရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင်ရုပ်သံလိုင်းတွင်မူ မဲရုံစတင်ဖွင့်လှစ်သည့် မနက်(၆)နာရီကတည်းက သံတောင်ကြီးမြို့ပေါ်မဲရုံများသို့ ဒေသခံပြည်သူများ လာရောက်မဲပေးကြကြောင်း ဒီဇင်ဘာ(၂၈)ရက်နေ့က ဖော်ပြခဲ့သည်။
အာဏာမသိမ်းခင် ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲကမူ သံတောင်ကြီးမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇၀)အုပ်စုတွင် မဲရုံပေါင်း (၉၅) ရုံဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်ရှိခဲ့သည်။
ယခုတခေါက် အတုအယောင်ရွေးကောက်ပွဲကို စစ်အုပ်စုက ကရင်ပြည်နယ်ရှိမြို့နယ်များအပါအဝင် မြို့နယ်ပေါင်း(၂၀၀)ကျော်မှာ အပိုင်း(၃)ပိုင်းခွဲ၍ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားသည်။ ပထမပိုင်း(၁၀၂)မြို့နယ်တွင် စစ်အုပ်စုပါတီ USDP က အနိုင်ရ ရာခိုင်နှုန်းများကြောင်း အကြမ်းဖျင်း သိရသည်။



















