ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ဖားအံမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စုမှ မဲမထည့်ပါက စစ်မှုထမ်းခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်သဖြင့် မဲထည့်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲအတွက် သွားရောက်မဲထည့်လိုသူနည်းပါးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စု တပ်ဖွဲ့ဝင်နှင့်ထောက်ခံသူများမှ မဲသွားမပေးသူများကို စစ်မှုထမ်းနှင့် ခြိမ်းခြောက်မဲထည့်ခိုင်းခြင်းဖြစ်သည်။
“မိကရင်ရွာမှာတော့ မဲမထည့်ရင် စစ်မှုထမ်းဝင်ရမယ်ဆိုပြီးခြိမ်းခြောက်တယ်။ တစ်အိမ် တက်တစ်အိမ်ဆင်း မဲသွားထည့်ဖို့ လက်မှတ်လိုက်ဝေပြီးပြောတာ။ တချို့ကတော့ သွားထည့်တယ်။ မထည့်ရင်တစ်ခုခုလုပ်မယ်ဆိုတော့ ကြောက်တာပေါ့”ဟု ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကေအဲန်ယူ ဖားအံမြို့နယ်ထဲတွင် မုက္ကဒိ၊ မိကရင်၊ ဟို့ဖိုး၊ ကျောက်တစ်လုံး၊ ဝင်းဒရယ်၊ နတ်ကြီး ၊ ကျုံပိုက် စသည့်ကျေးရွာများတွင် စုစုပေါင်း မဲရုံ(၇)ရုံရှိသည်။
ထို့အပြင် မိကရင်နှင့်ဝင်းဒရယ်အပြင် ဝါးဘိုးတော၊ ကြာအင်းပေါ်တော်မူ စသည့်ကျေးရွာများတွင်လည်း ရွေးကောက်ပွဲလုံခြုံရေးခေါင်းစဉ်ဖြင့် ခွဲထွက် DKBA ဗိုလ်ဘိဦးဆောင်တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်အုပ်စုပူးပေါင်းထားသော အင်အားရာနှင့်ချီရှိသည့် တပ်များလာရောက်နေရာယူထားကြောင်းလည်း သိရသည်။
ကေအဲန်ယူ ဒူးသထူခရိုင်အတွင်း ဖားအံမြို့နယ်အပြင် သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်တို့၌ အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူထုထောင်နှင့်ချီပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်လျက်ရှိသည်။



















