ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပြည်တွင်း ကရင်ခေါင်းဆောင်များနှင့် နိုင်ငံအသီးသီးရှိ ကရင်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သော သံလွင်ကမ်ပိန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သတ်မှတ်ရက် ပြည့်မြောက်ခဲ့သော်လည်း သတ်မှတ်ပမာဏပြည့်မီရန် ထက်ဝက်နီးပါး လိုအပ်ချက်ရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။
သံလွင်ကမ်ပိန်းသည် သံလွင်မြစ်နယ်တလျှောက်နှင့် အခြားဒေသများတွင် နေထိုင်သည့် ပြည်သူများကို လေယာဉ်ဗုံးနှင့် လက်နက်ကြီးဖြင့် အသုံးပြု တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ရေး၊ စစ်အုပ်စု၏ လေယာဉ်၊ ဒရုန်း ဝင်ရောက်စီးနင်းမှုများကို ရှောင်ရှားနိုင်ရေးနှင့် လိုအပ်သော နည်းပညာ စွမ်းရည်များကို မြှင့်တင် နိုင်ရေးအတွက် လိုအပ်သည့် အထောက်အကူများ ပံ့ပိုးနိုင်ရန် ရံပုံငွေ ရှာဖွေသည့် အစီအစဉ်တစ်ခု ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့က စတင်ခဲ့သည့် အဆိုပါ ကမ်ပိန်း၏ (၄၅) ရက်တာ လှုပ်ရှားမှုအစီအစဉ်သည် ယခု ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ သို့သော် မျှော်မှန်းရံပုံငွေ ဘတ် (၅) သန်းအနက် လက်ရှိ ဘတ် (၃) သန်းနီးပါးသာ ရရှိသဖြင့် သတ်မှတ်အရေအတွက် ပြည့်မီနိုင်ရေးအတွက် လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကမ်ပိန်းကာလ ထပ်မံ တိုးမြှင့်ထားကြောင်း ကမ်ပိန်း၏ သတင်းပြန်ကြားရေးတာဝန်ခံ စောဖလုံက ပြောသည်။
၎င်းက “ ကမ်ပိန်းရဲ့ သတ်မှတ်ရည်မှန်းချက် ရံပုံငွေပမာဏက အရင်လုပ်ခဲ့တဲ့ ကမ်ပိန်းတွေထက် များတဲ့ အတွက်ကြောင့် တလခွဲအချိန်နဲ့ ဘယ်လိုမှ မလောက်တဲ့အတွက် ကမ်ပိန်းကာလကို တိုးမြှင့် လိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ကမ်ပိန်းလက်မှတ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးပြီ ၃၀ ရာခိုင်နှုန်း တော့ ကျန်သေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ရန်ပုံငွေအစီအစဥ်မှ ရရှိလာသော အလှူငွေများကို စစ်ဘေးရှောင်ပြည်သူနှင့် တောင်ပိုင်း တိုင်းဒေ သတွင် စစ်ရေးဖော်ဆောင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအား လိုအပ်သည့် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းရန် အတွက်ဖြစ်သည်ဟု စောဖလုံက ဖြည့်စွက် ပြောသည်။
လက်ရှိတွင် ပါဝင်ကူညီသူများ မျှော်မှန်းထားသည်ထက် အားနည်းနေသေးပြီး ပိုမိုပါဝင်လာကြရန်လည်း အနယ်နယ်အရပ်ရပ်နှင့် နိုင်ငံတကာသို့ ရောက်ရှိနေသော တော်လှန်ပြည်သူလူထုများ ပိုမို ပူးပေါင်း ပါဝင်ပေးကြရန် ကမ်ပိန်းသတင်းပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။
ကရင်လူမှုအဖွဲ့အစည်းများ၏ ကောက်ခံထားသော အချက်အလက်အရ ကေအဲန်ယူ ထိန်းချုပ်နယ် မြေအတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေမှာ တစ်သန်းကျော်ရှိပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။



















