ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ နိုးရီးကျေးရွာရှိ အေးလင်းသာယာကွင်း၌ ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၅ ခု၊ ကရင် အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကို လူပေါင်းတစ်ထောင် ဝန်းကျင် တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ကရင့်လက်နက်ကိုင် အဖွဲ့နှင့် ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာ (၅) ရွာကျော်မှ ဒေသခံလူထုတို့ စုပေါင်းကျင်းပသည့် နိုးရီးကျေးရွာ၏ နှစ်(၁၀) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အခမ်းအနား အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။
ကရင်လူမျိုးများအပါအဝင် တစ်ကမ္ဘာလုံး အသိအမှတ်ပြုသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကောင်း မွန်စွာ ကျင်းပခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း အခမ်းအနားအစီအစဉ် ပထမပိုင်း သဘာပတိ မိန့်ခွန်းတွင် ပိုင်ကျုံမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆာပုလဲဒီဝမ်းက ယခုလို ပြောကြားခဲ့သည်။
“ ကျနော်တို့မှာ ခေါင်းဆောင်တွေ လူမျိုးတွေ ရှိသလို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ ကရင်နှစ် သစ်ကူးနေ့လည်း ရှိတဲ့အတွက် ဝမ်းသာ ဂုဏ်ယူတယ်။ ဒီလိုမျိုး ဖြစ်လာဖို့ အရင်တုန်းက ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းခဲ့မှုတွေကြောင့် ဆိုတာ ဒီလိုနေ့မျိုးမှာ ကျနော်တို့ လူမျိုး အားလုံးကို ပြန်ပြီး အသိပေး အမှတ်ရစေချင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် မိမိတို့အနေဖြင့် ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်ခဲ့သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် ကျင်းပ ပြုလုပ်ခွင့် မရခဲ့သည့် နေရာများ ရှိသည့် အတွက် ဝမ်းနည်းမိကြောင်းလည်း ပဒိုစောဆာပုလဲဒီဝမ်းက ဖြည့်စွက်ပြောသည်။

ယနေ့ အခမ်းအနား အစီအစဥ် ဒုတိယအပိုင်းတွင် ကရင့်မင်္ဂလာဖားစည်တီးပြီး အခမ်းအနား ဖွင့်လှစ်ပြီးနောက် နှစ်သစ်သဝဏ်လွှာဖတ်ကြားခြင်း၊ ဖီဖူယော်ရိုးရာ သရုပ်ပြခြင်းခြင်း နှင့် စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ခုဘိုင်းကျေးရွာနေ နန်းထက်ထက်မိုးက “ နိုးရီးရွာရဲ့ ကရင်နှစ်သစ်ကူးပွဲကို ဒါပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ဒီနေရာမှာ ကိုယ့်ကရင်တွေ အချင်းချင်း တွေ့ဆုံပြီး စည်းစည်းလုံးလုံးနဲ့ ပါဝင်ဆင်နွှဲနေကြတာ တွေ့ရတဲ့အတွက် လည်း ဝမ်းသာတယ်။ နောင်လာမယ့် ကလေးတွေလည်း ကိုယ့်ကရင်လူမျိုးမှာ ရိုးရာ ထုံးတမ်း ဓလေ့တွေ ယဥ်ကျေးမှုတွေ နှစ်သစ်ကူးနေ့တွေ ရှိနေတယ်ဆိုတာ သိခွင့် ရသွားတာပေါ့” ဟု ပြောသည်။
ပိုင်ကျုံမြို့နယ် ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် ဘောလုံးပြိုင်ပွဲ၊ လက်ဝှေ့ ပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပကာ မြို့နယ်ရှိ လူငယ်များအပြင် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအချို့မှ လူငယ်များလည်း လာရောက် ယှဉ်ပြိုင်ကစားခဲ့ကြသည်ဟု သိရသည်။
ယနေ့ ကျရောက်သည့် ကရင်နှစ် ၂၇၆၅ ခု၊ ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို KNU၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) နှင့် နယ်ခြားစောင့်တပ် -BGF နယ်မြေများတွင် အပါအဝင် ထိုင်း-မြန်မာနယ်စပ်၊ ပြည်တွင်းနှင့် နိုင်ငံတကာရောက် ကရင်အမျိုးသားများလည်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ရက်နေ့တွင် ကျရောက်ခြင်းဖြစ်သည်။ ထိုနေ့ကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၃၈ ခုနှစ် မှစ၍ ကရင်လူမျိုးများ နေထိုင်ကြသည့် ဒေသများတွင် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသည်။



















