Home သတင်း မုန်းတွင် အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၅ ဦး ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ

မုန်းတွင် အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၅ ဦး ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ

826
Photo: KNU

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မူး(မုန်း) မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၈) ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်အုပ်စု တပ်ဖွဲ့ဝင် (၅) ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။

အဆိုပါ စစ်အုပ်စု တပ်ဖွဲ့ဝင်(၅)ဦးသည် တပ်မဟာ (၃) နယ်မြေအတွင်း အ‌ခြေချလှုပ်ရှားသည့် စစ်တပ် ခြေလျင်တပ်ရင်း ခလရ−၃၀ နှင့် ခြေမြန်တပ်ရင်း ခမရ-၄၃၉ တပ်ရင်းတို့မှ ဖြစ်ကြောင်း ကေအဲန်ယူက ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

ဘက်ပြောင်းခိုလှုံလာသူများမှာ အသက် ၂၁ နှစ်အရွယ် တပ်သားမောင်ချမ်းငြိမ်းဇော်၊ အသက် (၃၅) နှစ်အရွယ် တပ်သား မောင်အောင်ဖြိုးဦး၊ အသက် (၃၂) နှစ်အရွယ် မောက်ရဲ‌မောင်မောင်၊ အသက်(၂၄) နှစ် မောင်ဘိုဘိုဟိန်းနှင့် တပ်သား အောင်လင်းသက် အသက် (၃၆) နှစ် တို့ဖြစ်သည်။ ၎င်းတို့မှာ ဆန္ဒမပါဘဲ စစ်အုပ်စုတပ်မှ အဓမ္မ စစ်မှုထမ်းခိုင်းစေခံခဲ့ရသည့် တပ်သားများဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခိုလှုံလာသည့် တပ်ဖွဲ့ဝင် ၅ ဦးအား KNLA တပ်မဟာ(၃) တပ်ရင်း(၈)အနေဖြင့် အဖွဲ့အစည်း၏ စည်းမျဥ်းဥပဒေများအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာဘာ ၁၈ ရက်နေ့တွင် စစ်တပ် ခြေမြန် တပ်ရင်း (ခမရ-၅၈၁) မှ တပ်သား ၃ဦး KNLA တပ်မဟာ(၃)၊ တပ်ရင်း(၈)ထံသို့ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။

အဆိုပါ တပ်သား ၃ ဦးသည် စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် အတင်းအကြပ် စစ်မှုထမ်းခိုင်းစေ ခံရသည့် တပ်သားသစ်များ ဖြစ်ကြောင်း KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှ ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ် ၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သားများအနေဖြင့် KNUနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ကြရန် KNUမှ ထပ်မံ တိုက်တွန်းထားသည်။