ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သောသီတောအူး ဌာနေလူမျိုး စုများဥယျာဥ်အတွင်း တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်ကို စတင် တည်ဆောက်လိုက်ပြီဖြစ်ကြောင်း ဥယျာဥ်၏တရားဝင်စာမျက်နှာမှ ယနေ့(ဒီဇင်ဘာ ၁၆ရက်) တွင် ကြေညာသည်။
တောင်ငူခရိုင်ရှိ ကျေးရွာပေါင်း (၃၁၉) ရွာ၊ လူဦးရေ ၁ သိန်းကျော်၏ ထောက်ခံသဘောတူညီမှုဖြင့် လက်ရှိ နိုင်ငံရေး၊ လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်သော အောက်ခြေမှအထက် (Bottom up) အုပ်ချုပ်ရေးစနစ်ကို အခြေခံထားသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ထူထောင်ခြင်းဖြစ် သည်ဟု ကြေညာချက်က ဆိုသည်။
အာဏာရှင်ပေးမည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ငြိမ်းချမ်းရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီကို မျှော်လင့် စောင့်ဆိုင်းနေမည့်အစား ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခြင်းက နယ်မြေအမြတ်ထုတ် အသက်မွေးဝမ်းကျောင်းကိုဖျက်ဆီးသည့် အာဏာရှင်၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို တွန်းလှန်နိုင် မည်ဖြစ်ကြောင်း သောသီတောအူးဌာနေ လူမျိုးစုများ ဥယျာဥ်က ဖော်ပြသည်။
ဒီဇင်ဘာ (၁၀) ရက်မှ (၁၂) ရက်နေ့အထိ ပြုလုပ်ခဲ့သော အထွေထွေညီလာခံတွင်လည်း နယ်မြေ၊ မျိုးနွယ်စု၊ ကေအဲန်ယူနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ကို ကိုယ်စားပြုထားသူများပါဝင်သော သောသီ တောအူးဌာနေလူမျိုးစုဥယျာဥ် အထွေထွေညီလာခံအဖွဲ့ဝင် (၉၉) ဦးအနက် ရွေးကောက်ခံ ခေါင်းဆောင် (၁၁)ဦးဖြင့် ဥယျာဥ်အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းလည်း သိရသည်။
ထိုအထဲတွင် လူမျိုးစုများဥယျာဥ်ဖြစ်မြောက်ရေး တာဝန်ယူဆောင်ရွက်ခဲ့သူ ပဒိုစောသောတူထူးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး ကေအဲန်ယူ တပ်မဟာ(၂)၏ သံတောင်ကြီးမြို့နယ် အတွင်းရေးမှူး ပဒိုနော်စေးဖောက ဒု-ဥက္ကဋ္ဌတာဝန်၊ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲက အတွင်းရေးမှူးအဖြစ် ရွေးကောက်တာဝန်ပေးအပ်ခြင်းခံရသည်။
ရွေးကောက်ပွဲအား ဥယျာဥ်နယ်မြေ(၁၈)ခုမှ ပြည်သူ ၉၂ ရာခိုင်နှုန်းက ထောက်ခံကြပြီး သောသီ တောအူးဌာနေလူမျိုးစုများ ဥယျာဥ်၏အခြေခံဥပဒေနှင့်အညီ ပြုလုပ်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။
တောင်ငူခရိုင်အတွင်း ၅,၇၅၄ စတုရန်းကီလိုမီတာ(၁,၄၂၁,၉၆၇)ဧက ကျယ်ဝန်းပြီး ကညောဝါး၊ ဂေဘား၊ မိုနေပွာ၊ ဘွဲ၊ ပကူး အစရှိသည့် ဌာနေလူမျိုးစု လူဦးရေပေါင်း တစ်သိန်းကျော်နေထိုင်သော အဆိုပါ လူမျိုးစုများဥယျာဥ်အား ရိုးရာဓလေ့၊ ယဥ်ကျေးမှုနှင့်အသိပညာများ ကို ကာကွယ်ရေးနှင့် ပြန်လည်ရှင် သန်စေရေး တို့ပါဝင်သည့် ပင်မရည်ရွယ်ချက်(၄)ရပ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာက တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



















