Home သတင်း ၃၄ ကြိမ်မြောက် တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတွင် ကရင်မောင်နှမ ရုပ်ပုံလွှာ ဖန်တီးပြသ

၃၄ ကြိမ်မြောက် တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတွင် ကရင်မောင်နှမ ရုပ်ပုံလွှာ ဖန်တီးပြသ

912
Photo: PEDU

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အနီး တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကျေးရွာတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် အမြင့် (၄၇) ပေရှိ တိုင်းရင်းသား ကရင်မောင်နှမ ရုပ်ပုံလွှာကို ဖန်တီးပြသထားသည်ဟု သိရသည်။

ယခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ် ၂၇၆၅ ခု၊ နှစ်သစ်ကူးနေ့အတွက် ဒုံးအက ကနေသည့် တိုင်းရင်း သား ကရင်မောင်နှမ၏ ရုပ်ပုံလွှာကို ယနေ့တွင် တောင်ကလေး (ဖလုံပညာ့ တဝေါင့်) ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပရာနေရာ နှစ်သစ်ကူးကွင်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသား ကရင်မောင်နှမ ရုပ်ပုံကို ယခုနှစ် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်၏ ကွင်းထိန်းရုပ်ထုအဖြစ် ဖန်တီးပြသပေးခြင်းဖြစ်သည်ဟု ဖလုံပညာ့တဝေါင့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်နာယက ဆရာတော် ဦးဥတ္တမက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ကြားခဲ့သည်။

ကရင်နှစ်သစ်ကို ကြိုဆိုခြင်းအားဖြင့် ကရင်လူမျိုးတို့နှင့် သက်ဆိုင်သည့် အမှတ်အသားများကို ပုံစံမတူအောင် နှစ်စဉ် ဖန်တီးပေးထားခြင်းသည် အနယ်နယ်အရပ်ရပ်ရှိ ကရင်လူမျိုး ပြည်သူများမှ အသိအမှတ်ပြု စိတ်ဝင်စားမှု ရှိသောကြောင့် ကွင်းထိန်းရုပ်ထုများကို ပုံစံမတူအောင် နှစ်စဉ် ဖန်တီးပြုလုပ်ပေးခြင်းဖြစ်သည်ဟု ပွဲတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ တိုင်းရင်းသား ကရင်မောင်နှမ ကွင်းထိန်းရုပ်ထု ဖြစ်မြောက်ရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ၂၂ ရက်ကြာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်လူငယ် ပန်းချီဆရာ စောထွန်းလင်းကလည်း ဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။

Photo: PEDU

“ဒီနှစ်အရုပ်ဟာ တော်တော်လည်း ခက်ခဲတယ်လို့ ပြောလို့ရပါတယ်။ ခါတိုင်းနှစ်မှာ ဆိုရင် တစ်ရုပ်ပဲ လုပ်ဖြစ်တာ များပါတယ်။ ဒီနှစ်မှာတော့ နှစ်ရုပ် ဖြစ်နေပါတယ်။ နှစ်ရုပ် ဖြစ်နေတဲ့အခါ အချိန်အားဖြင့် ၂၂ ရက်ပဲ ရခဲ့ပါတယ်။ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ ကျေးရွာဒေသခံ တစ်ဦးစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် နှစ်သစ်ကူးကွင်း၏ အလယ်ဗဟို၌ ကရင်လူမျိုးတို့၏ အမှတ်သင်္ကေ တဖြစ်သည့် အမြင့် (၄၆) ပေနှင့် အလျားပေ (၇၀) ကျော်ရှိ ကရင်အမျိုးသားအလံတော် ပုံတူရုပ်ထုကို ဖန်တီးပြသခဲ့သည်။

တောင်ကလေး ဆရာတော် အရှင်ပညာသာမိ၏ ဩဝါဒလမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ်ကစ၍ တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကျေးရွာ နှစ်သစ်ကူးကွင်းအတွင်း ဒုံးစင်မြင့်၏ ညာဘက်၌ မုဆိုးရုပ်ပုံ၊ ဘယ်ဘက်၌ လက်ဝှေ့သမား ရုပ်ပုံများဖြင့် စတင် ဖန်တီးပြသခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် နှစ်သစ်ကူးကွင်း၏ အလယ်ဗဟို၌ ကရင်မုဆိုးကြီးနှင့် သူ၏ ခွေးရုပ်ပုံ၊ ၂၀၁၉ ခုနှစ်တွင် မင်္ဂလာဆင်ရုပ်နှင့် စပါးထမ်းထားသည့် လယ်သမားကြီး ရုပ်ပုံ၊ ၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးချိုးငှက် ရုပ်ပုံ စသဖြင့် ကရင်လူမျိုးတို့၏ အမှတ်လက္ခဏာများကို တမူထူးခြားစွာ ဖန်တီးပြသခဲ့ကြောင်း ပွဲအခမ်းအနား မှတ်တမ်းများအရ သိရသည်။