Home ဆောင်းပါး ကျားဖြန့်ဂယက်တဖက်ခြမ်းက အိမ်မပြန်နိုင်သေးသူတွေ

ကျားဖြန့်ဂယက်တဖက်ခြမ်းက အိမ်မပြန်နိုင်သေးသူတွေ

440

ကျားဖြန့်ဂယက်တဖက်ခြမ်းက အိမ်မပြန်နိုင်သေးသူတွေ

နန့်ဆန်းထီ

ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နေပူပူ ဆောင်းလေအေးစိမ့်စိမ့်အောက်မှာ ကတ္တရာလမ်းကိုဖြတ်ပြီး အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက် ဦးတည်ရာကို ဆိုင်ကယ်မောင်းနှင်နေပါတယ်။ သူမကတော့ အေးငြိမ်းစေတီဘုရားကုန်းမှာ နေထိုင်တဲ့ လေးကေ ကော်ဒေသ စစ်ရှောင်၊ ကလေး ၄ ယောက် မိခင် နော်လွဲစေး(အမည်လွဲ)ဖြစ်ပါတယ်။

နော်လွဲစေးဟာ လောလောဆယ် နေထိုင်မကောင်းလို့ ဆေးခန်းသွားပြသွားရာက ပြန်လာနေတဲ့လမ်းမှာပါ။ ဆောင်းအဝင် ရာသီအကူးအပြောင်းကြောင့် နေမကောင်း ဖြစ်တယ်လို့ဆိုဆို ကလေး(၄) ယောက်ရဲ့စားဝတ်နေရေးကို တာဝန်မျှဝေထမ်းထားရသူ မိခင်ဖြစ်တဲ့အတွက် သူမကျန်းမာရေးကိုဂရုမစိုက်ဘဲ မနေရဲပါဘူး။

နာရီဝက်ဝက်ကျော်ကျော်လောက် ဆိုင်ကယ်မောင်းသွားရတဲ့နေရာမှာ အမိုးပြာလို့ သူမတို့ခေါ်တဲ့ ပလောတပို့ စစ်ရှောင်စခန်းရှိပါတယ်။ သူမတို့လက်ရှိနေထိုင်ရာ အေးငြိမ်းစေတီ ဘုရားကုန်းမှာ ကျန်းမာရေးဝန်ထမ်းမရှိလို့ နာမကျန်းဖြစ်သူတိုင်း အဲဒီကိုပဲအားကိုးတကြီးပြေးကြရပါတယ်။

“ဒီနေ့နေမကောင်းလို့ မိုးပြာဆေးခန်းကို အသည်းအသန်ဆိုင်ကယ်မောင်းပြီး လစ်ရတယ်။ ကိုယ့်ဆိုင် ကယ်မရှိရင်တော့ သူများဆိုင်ကယ်ငှားပေါ့၊ ဆေးပြတ်တာကြာနေပြီး နေရတာသိပ်အဆင်မပြေလို့သွားတာ သွေးတိုးနေတယ်တဲ့” လို့ သူမက ပြောပါတယ်။

အေးငြိမ်းစေတီဘုရားကုန်းဆိုတာ မြဝတီမြို့တောင်ဘက်၊ အင်ကြင်းမြိုင် ကျေးရွာနဲ့မင်း လက်ပံကျေးရွာအကြားမှာရှိပါတယ်။ အဲဒီဒေသထဲကတိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်လာရသူတွေ ဟိုတစ်စဒီတစ်စ လာရောက်နေထိုင်ကြရင်း စစ်ရှောင်စခန်းလေးလိုဖြစ်နေတဲ့နေရာပါ။

မင်းလက်ပံ၊ မယ်ဝါးခီး၊ ပဟိကလော်၊ မယ်ထော်သလေး၊ အင်းကြင်းမြိုင်၊ ရသေ့ဂူ စတဲ့ကျေးရွာကလူတွေအစ ၂၀၂၁ အာဏာသိမ်းပြီး နှစ်ကုန်ပိုင်း၊ ဟိုးလေးကေကော်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ရှောင် လာသူ တွေတောင် ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။ နော်လွဲစေးတို့ မိသားစုတွေလည်း အဲဒီကတည်းက လေးကေကော်ကနေစစ်ရှောင်လာပြီး ဘုရားကုန်းကိုရောက်နေတာ လေးနှစ်ကျော်ပြီလို့ သိရပါတယ်။

အခုရက်ပိုင်းမှာတော့ မြဝတီတောင်ပိုင်းဒေသဟာ မီဒီယာတွေကြားမှာ တကျော့ပြန် သတင်းမွှေး လို့နေပြန် ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ တိုက်ပွဲဖြစ်လို့ တောင်ပိုင်း၊ လေးကေ ကော်ဒေသဘက်က လူထောင်နဲ့ချီဟာ ထိုင်းဘက်ကိုရွှေ့ပြောင်းကြတာကအစပြုတယ်လို့ဆိုရင်လည်း မမှားပါဘူး။ အခုနောက်ဆုံးကတော့ DKBA ထိန်းချုပ်တဲ့ ကျားဖြန့်ငွေလိမ်ခြံဝင်းကို KNLA က ဖော်ထုတ်လိုက်တဲ့ကိစ္စဖြစ်လာတာကြောင့်ပါ။

အများသိတဲ့အတိုင်း ကျားဖြန့်ဆိုတာ နိုင်ငံတကာကတောင်အာရုံစိုက်လာတဲ့ကိစ္စပါ။ အမေရိကန်ကတောင် နိုဝင်ဘာ ၁၂ ရက်နေ့က ဒီကျားဖြန့်ကိစ္စကိုင်တွယ်ဖို့ နှိမ်နင်းရေးအဖွဲ့ဖွဲ့ပြီး လှုပ်ရှားလာတာမျိုးဆိုတော့ ဒါကို KNU/KNLA က ဘယ်လိုကိုင်တွယ်မလဲ၊ DKBA နဲ့ရော ဘာတွေဖြစ်ဦးမလဲဆိုတာ စိတ်ဝင် တစားစောင့်ကြည့် စရာဖြစ်လာတာလည်း မဆန်းပါဘူး။

ဒါကြောင့် ယခင်က မြဝတီတောင်ပိုင်းလို့ပြောလိုက်တာနဲ့ တိုက်ပွဲတွေ၊ စစ်ရှောင်တွေကို အရင်ပြေး မြင်ကြပေမယ့် အခုတော့ ကျားဖြန့်ကို အပြေးတွေးနေကြမလားလို့ ထင်စရာပါပဲ။

နိုဝင်ဘာနောက်ဆုံးအပတ်မှာ စစ်အုပ်စုက KNLA တပ်တွေထိန်းသိမ်းထားတဲ့ အဲဒီကျားဖြန့်နေရာတဝိုက်နဲ့ အနီးအ နားကို လေယာဥ်နဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ မင်းလက်ပံဒေသခံတွေက ဆိုပါတယ်။ အဲဒီသက်ရောက်မှုကြောင့် နိုဝင်ဘာ(၂၇)ရက်နေ့က ကျားဖြန့်လုပ်သား ရာနဲ့ချီဟာ ထိုင်းဘက် ကိုကူးဖို့ကြိုး စားကြတာ ပြည်တွင်းပြည်ပ မီဒီယာတွေက အကျယ်တဝင့်ဖော်ပြခဲ့ကြ၊ ဖော်ပြနေဆဲဖြစ်ပါတယ်။

အဲဒီရက်ပိုင်းတုန်းက ဒီကျားဖြန့်လုပ်သားတွေကို ထိုင်းကအဝင်မခံလို့ အအေးဒဏ်ကြားထဲ သောင်ရင်း မြစ်ကမ်း ဘေးမှာ စောင့်ဆိုင်းနေရတဲ့မြင်ကွင်းကို လူမှုကွန်ရက်မီဒီယာသုံးစွဲသူတချို့ကတော့ ဂရုဏာ သက်စရာလို့ မှတ်ချက်ပေးကြပါတယ်။ တစ်ဖက်မှာလည်း နော်လွဲစေးတို့လို စစ်ရှောင်တွေကတော့ သောင်ရင်းမြစ်နံဘေးက ကိုယ့်အိမ်မဟုတ်တဲ့ ကိုယ့်အိမ်လေးတွေမှာ (၅)နှစ်မြောက် ဆောင်းရာသီကိုဖြတ်သန်းခဲ့ပြီးပါပြီ။

သူမလိုပဲ လေးကေကော်ကနေ ရှောင်တိမ်းလာပြီး ဘုရားကုန်းမှာနေထိုင်သူ စောဟဲစေး (အမည်လွှဲ) ရဲ့ပြောဆိုချက်အရကတော့ နှစ်ကြာလာလေလေ အလှူရှင်နည်းသထက်နည်းလေမို့လို့ မငတ်အောင် တောင်ယာလုပ်ကိုင်စားသောက်ရင်း အသက်ဆက်နေရတယ်လို့ သိရပါတယ်။

စောဟဲစေးက “စားတာသောက်တာကတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲ၊ အလှူရှင် ဘယ်သူမှ မလာကြ တော့ဘူးလေ။ ဟိုတလောက လေးကေကော်ပြန်ငြိမ်တော့ အိမ်ပြန်ရမလားလို့ ခြံပြန်ရှင်း လိုက်သေးတယ်။ နောက်တော့မဖြစ်ပါဘူး။ ကလေးတွေလည်း ကျောင်းမနေရဘာမနေရ ကြာပါပြီ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က လေယာဥ်လာကြဲတဲ့အခါဆို အသက်အန္တရာယ်လုံခြုံရေးအတွက် အဆောက်အဦးတွေကို အကာအကွယ်ယူပြီးနေရသလို ကမ်းစပ်ဆင်းအိပ်ရတဲ့အခေါက်ပေါင်းလည်း မနည်းရှိတယ်လို့ သောင်ရင်းမြစ်နဲ့ နီးစပ်ရာခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်တွေဆီက သိရပါတယ်။

သူတို့တွေဟာ စားဝတ်နေရေးအပြင် ရာသီဥတုကြောင့် ကျန်းမာရေးပြဿနာလည်းရင်ဆိုင်နေရတာပါ။ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးလုပ်သားမရှိမှုကြောင့် ရောဂါအခံရှိသူဆိုရင် ပိုပြီးခက်ခက်ခဲခဲ ရှင်သန်နေကြရပါတယ်။

လသားအရွယ် ရင်ခွင်ပိုက်ကလေးရှိတဲ့ နော်လွဲစေးကတော့“ကျမမှာလည်း ကလေးတွေရှိတော့ အနွေးထည်လေးဘာလေးတော့ အခုချိန်လိုတာပေါ့။ ထိုင်းဘက်ကမ်းကူးဖို့လည်းအဆင်မပြေဘူး။ စားဝတ်နေရေးရှိသေးတယ်လေ။” လို့ သူမရဲ့အခက်အခဲကို ပြောပြပါတယ်။

တစ်ဖက်ကမ်းကို ကူးရင် ထိုင်းနိုင်ငံ၊မဲဆောက်မြို့နယ်ထဲကို ရောက်ရှိမှာပါ။ လုံခြုံရေးစိတ်အေးရပြီလို့ယူဆပြီး မြန်မာဘက်ကနေ ထိုင်းကိုကူးကာ စစ်ရှောင်လာသူတွေထဲမှာ မင်းလက်ပံရွာသားအချို့လည်း ပါဝင်ပါတယ်။ နိုဝင်ဘာလတည်းက စစ်ရှောင်နေကြပြီဖြစ်တဲ့ သူတို့ဟာ တချို့က ထိုင်းဘက်ကမ်းက နွားခြံမှာဖွင့် ထားတဲ့စစ်ရှောင်နေရာမှာ၊ တချို့က ရွာထဲက အသိအိမ်တွေမှာ၊ တချို့ ငွေကြေး တတ်နိုင်သူ တွေကတော့ အိမ်ငှားပြီးပဲဖြစ်ဖြစ်နေကြတယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တချို့က ဆိုပါတယ်။

ထိုင်းဘက်ကမ်း၊ မယ့်ကိုကင်းရွာကို ရှောင်လာတဲ့ မင်းလက်ပံရွာသား ဦးခင်အေး(အမည်လွှဲ)ကတော့ “ကျားဖြန့် ကိစ္စကြောင့် စစ်ရှောင်တွေကို ထိုင်းကကမ်းပေးမဖြတ်ဘူး။ ဖြတ်တော့မယ်လို့ သတင်းပေးရင်တော့ ဟိုးနွားခြံ ကိုသွားပို့တယ်။ အဲဒီကိုရောက်ရင် ပြန်ထွက်လို့မရတော့ဘူး။ ကျနော်တို့လိုရွာပေါ်နေတဲ့သူတွေကတော့ ပြဿနာ သိပ်မရှိပါဘူး။ နွားခြံရောက်သွားတဲ့သူတွေ၊ မြန်မာဘက်က ကမ်းနဖူးမှာနေတဲ့သူတွေကတော့ ဒီလိုဆောင်းရာသီမှာ ပိုပြီးဒုက္ခရောက်ကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နော်လွဲစေးမိသားစု ကျန်းမာရေးပြဿနာအားထားရတဲ့ ပလောတပို့စစ်ရှောင်စခန်းဆိုတာဟာလည်း စားဝတ်နေရေးပြေလည်နေတာတော့ မဟုတ်ပါဘူး။ အိမ်ထောင်စု ၅၃၀၊ စစ်ရှောင်ဦးရေ ၁,၇၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစခန်းဟာ သောင်ရင်းမြစ်နံဘေးမှာပဲ တည်ဆောက်ထားတာဖြစ်ပြီး မြဝတီတောင်ပိုင်းက တကျော့ပြန်စစ်ရှောင်တွေကို လက်ခံပေးထားရတာပါ။

စခန်းတာဝန်ရှိတဲ့သူတွေရဲ့ပြောဆိုချက်အရ ရိက္ခာရောက်နိုင်တဲ့လမ်းကြောင်းတွေပိတ်လို့ ပလောတပို့မှာလည်း တစ်လထက်တစ်လ အလှူရှင်နည်းလာတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

“ရိက္ခာက အရမ်းနည်းသွားတယ်။ ထိုင်းဘက်ကလာပို့ဖို့ကျ အခက်အခဲရှိတော့ လာလှူတဲ့သူတွေ အရမ်း နည်းသွားတာ။ အရင်က တစ်ပတ်တစ်ခါ လာပို့တာ၊ ခုမရှိတော့ဘူး။” လို့ စခန်းအတွက် အကူအညီပေးနေတဲ့ အမျိုးသားက ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ရှောင်သတင်းအရင်းအမြစ်အရ စစ်အုပ်စုဟာ နိုဝင်ဘာလကုန်ပိုင်းက မင်းလက်ပံဘက်ကို စစ်ကြောင်းတကျော့ပြန်ထိုးလာပြီး လက်နက်ကြီးနဲ့ပစ်တာမပြတ်သလို လေကြောင်းနဲ့ လည်းဗုံးကြဲနေတာပါ။ အခြေအနေစောင့်ကြည့်လေ့လာသူတွေကတော့ စစ်အုပ်စုက KNU ထိန်းသိမ်းထားတဲ့ ကျားဖြန့်သက်သေတွေကိုဖျောက်ဖို့ ကြိုးစားနေတာဖြစ်သလို၊ ရွေးကောက်ပွဲကြောင့် နယ်မြေချဲ့ထွင်ဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီအခြေအနေကြောင့် သောင်ရင်းမြစ်တစ်လျှောက်က အိမ်မပြန်နိုင် သေးတဲ့ စစ်ရှောင် တွေဟာ စားဝတ်နေရေး၊ လုံခြုံရေး စိုးရိမ်ကြောင့်ကြ အိပ်ပျက်ရတွေ များနေပါတယ်။ ဒီ့အပြင် ကမ်းစပ်မှာဆင်းအိပ်ရတဲ့ညတွေဆို ဒီနှစ်ဆောင်းရာသီဒဏ်ကိုလည်း စိမ့်နေအောင်ခံကြရပါသေးတယ်။

“အခြေအနေမကောင်းတော့ ကမ်းစပ်မှာသွားရှောင်ကြတာ ပိုအေးတယ်။ စောင်၊ ခေါင်းအုံး၊ ပုခက်၊ အင်္ကျီ လက်ရှည်၊ အနွေးထည်တွေ လိုတယ်၊ ဘေထုပ်တွေဆိုလည်း ရပါတယ်။” လို့ စစ်ရှောင်ကူအမျိုးသားက ဆက်ပြောပါတယ်။

ကရင်အရပ်ဖက် စစ်ရှောင်ကူညီတဲ့အဖွဲ့တွေရဲ့စာရင်းအရ မြဝတီတောင်ပိုင်းဒေသအပါအဝင် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ထိန်းချုပ်လှုပ်ရှားရာနယ်မြေထဲက ခရိုင်ခုနှစ်ခုလုံးမှာ စစ်ရှောင်ဦးရေ ၁၀ သိန်းကျော်ရှိနေပြီး ဆက်လက်မြင့်တက်နေဆဲပါ။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာလည်း ဆယ်စုနှစ်ကြာ စစ်ရှောင်တွေနေထိုင်ရာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနဲ့အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းတို့အပါအဝင် ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိနေပါသေးတယ်။

“လူဖြစ်ကတည်းက ပြေးလွှားနေရတာ စစ်ကြီး အမြန်ပြီးချင်ပါပြီ” လို့ ပလောတပို့စစ်ရှောင်စခန်းမှာရှိနေတဲ့ စစ်ရှောင်အမျိုးသားတစ်ယောက်က သူ့ဆန္ဒကိုပြောပြပါတယ်။