Home သတင်း မင်းလက်ပံ ငွေလိမ်လုပ်ငန်း အဆောက်အဦး မီးလောင်မှုဖြစ်ပွား

မင်းလက်ပံ ငွေလိမ်လုပ်ငန်း အဆောက်အဦး မီးလောင်မှုဖြစ်ပွား

484
Photo: CJ

ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာ၊ Shunda Park ငွေလိမ်ခြံဝင်းအတွင်းရှိ အဆောက်အဦးအချို့ ယမန်နေ့(ဒီဇင်ဘာ ၈)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ၏ ဖော်ပြပြောဆိုမှုအရ သိရသည်။

အဆိုပါခြံဝန်းကို ဒီဇင်ဘာ (၆) ရက်နေ့ကစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ထိန်းသိမ်းကိုင်တွယ်ထားပြီး နေရပ်မပြန်လိုသဖြင့်ကျန်ရစ်နေသူ ကျားဖြန့်လုပ်သားများအပါအဝင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် KNLA အဖွဲ့ဝင်များလည်း ဝန်းအတွင်းကျန်နေသည်။

“အတွင်းထဲကနေလောင်တာ၊ အတွင်းထဲ ဂိုဒေါင်ထဲမှာ ပစ္စည်းတွေလည်းရှိတော့ လှိုဏ်ပြီးလောင်တာ” ဟု လူမှုကွန်ရက်မီဒီယာရှိ အဆောက်အဦးမီးလောင်နေသည့် ရုပ်သံမှတ်တမ်းတွင် အမျိုးသားတစ်ဦးက ပြောဆိုထားသည်။

ထိုင်းနယ်စပ်သတင်းအရင်းအမြစ်များ၏ပြောပြချက်အရ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှလည်း Shunda Park ခြံဝင်းအတွင်း မီးလောင်ရာမှထွက်ပေါ်လာသည့် မီးခိုးလုံးများကို မြင်တွေ့နေရကြောင်း သိရသည်။

Photo: CJ

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ ကေအိုင်စီအနေဖြင့် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

မင်းလက်ပံကျားဖြန့်လုပ်ငန်းနေရာများကို KNU/KNLA တာဝန်ရှိသူတို့ ဖော်ထုတ်ထိန်းသိမ်းထားသည့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူမှ ဒီဇင်ဘာ(၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူအစီအစဥ်ဖြင့် နေရပ်ပြန်ရန်ငြင်းဆန်နေသူ ကျားဖြန့်လုပ်သားများကို ထိန်းသိမ်းစောင့်ရှောက်ထားသည့်ကာလတစ်လျှောက်တွင်လည်း ၎င်းလုပ်သားများက ဝန်းအတွင်းရှိ အဆောက်အဦး၊ ပစ္စည်းများကို ရည်ရွယ်ချက်ဖြင့် မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။