နိုဝင်ဘာ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာသို့ စစ်ကြောင်းထိုး လာသည့် စစ်အုပ်စုတပ်ကို ရေးဘီလူးအဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းအဖွဲ့က ပြောသည်။
စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။
“စစ်တပ်က မနေ့တုန်းက စစ်ကြောင်းထိုးလာတာ ကျနော်တို့ ရေးဘီလူးတပ်ရင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။ ကျတော်တို့ ဘက်ခြမ်းက ထိခိုက်မှုမရှိဘူး။ ရန်သူကိုတော့ အပိုင်ပစ်နိုင်တယ်။ ရန်သူ့ဘက်က ဒဏ်ရာရတာတော့ ရှိမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရေးဘီလူး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်အုပ်စုတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်လည်း မီးလောင်ပျက်စီးသွား ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ (၁၄)ရက်နေ့တွင်လည်း မွန်ပြည်နယ် ရေးမြို့နယ် ရွာကလေးနှင့် ဝါရဟိုင်းရွာကြားတွင်ရှိ စစ်အုပ်စုတပ်နှင့် ရေးဘီလူးအဖွဲ့တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးစစ်သား ၇ ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးက ပြောဆိုသည်။



















