Home သတင်း ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်များ တရားမဝင်ကုန်သွယ်နေဟု စစ်ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင်များ တရားမဝင်ကုန်သွယ်နေဟု စစ်ခေါင်းဆောင်ပြော

648
Photo: MOI

နိုဝင်ဘာ ၁၇ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နယ်စပ်ဒေသ၌ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများတွင် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များ ကိုယ်ကျိုးအတွက် ပါဝင် ပတ်သက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ခရီးစဉ်တွေ့ဆုံပွဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များ ယခုလို ပါဝင်ပတ်သက်နေ၍ ရသင့်သည့် အခွန်များ ဆုံးရှုံးပြီး ထိခိုက်နစ်နာ နေကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းမှု အားနည်းလာပြီး နယ်စပ်ဂိတ်များ ပိတ်ထားရကြောင်း၊ နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များလည်း သက်ဆိုးရှည်စေနိုင်မည်ဖြစ်သည် ဟု ၎င်းက မော်လမြိုင်မြို့ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် မြို့ခံတချို့နှင့် တွေ့ဆုံပွဲ၌ ပြောဆိုခဲ့သည်။

ထို့အတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေးအတွက် ၎င်းတို့ အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ထပ်မံ ‌ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်အနေဖြင့် မြန်မာ- ထိုင်းနယ်စပ်ရှိ KK Park နေရာအား အမျိုးသားရေးတာဝန်အဖြစ် အပြီးပြတ် ရှင်းလင်းသွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သေးသည်။

ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းပြီး ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသွားခဲ့သည်။

လတ်တလောတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ခေါင်းဆောင်လေးဦးတို့အား နိုဝင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ် အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။