Home ဆောင်းပါး ရွေးကောက်ပွဲတွေနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာ နေကြပါ

ရွေးကောက်ပွဲတွေနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာ နေကြပါ

440

ရွေးကောက်ပွဲတွေနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာ နေကြပါ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်)

၂၀၀၈ အခြေခံဥပဒေအောက်မှာ အထွေထွေရွေးကောက်ပွဲတွေကို (၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်) ၃ကြိမ် ကျင်းပခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလည်း ၃ကြိမ် ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ “ပုံမှန်” အခြေအနေအောက်မှာ ကျင်းပခဲ့တာလို့ ဆိုရမှာပါ။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ စပြီး မင်းအောင်လှိုင်တို့ စစ်အုပ်စုက ရွေးကောက်ပွဲတွေကို တစ်ခုနဲ့တစ်ခု ရက်သတ္တပတ် ၂ပတ်ခြားပြီး ၃ကြိမ် ၃ခါ ခွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ပထမအကြိမ်မှာ ၁၀၂မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ နဲ့ တတိယအကြိမ်မှာ ၇၂မြို့နယ်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်စုစုပေါင်းဟာ ၂၇၄မြို့နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ မြို့နယ် ၃၃၀ အနက် ၂၇၄မြို့နယ်ပဲ ကျင်းပနိုင်မှာဆိုတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ်က ၅၆မြို့နယ် ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေကို တစ်ခုနဲ့တစ်ခု ရက်သတ္တပတ် ၂ပတ်ခြားပြီး ၃ ကြိမ် ၃ ခါ ခွဲ ကျင်းပရတာ၊ မြို့နယ် ၃၃၀ အနက် ၂၇၄ မြို့နယ်ပဲ ကျင်းပနိုင်တာ စတဲ့ အနေအထားနဲ့ဖြစ်ရပ်တွေက “ပုံမှန်/ မူမှန် မဟုတ်တဲ့” အခြေ အနေအောက်မှာ မင်းအောင်လှိုင်တို့ စစ်အုပ်စုက ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဇွတ်လုပ်တာဖြစ်တယ် ဆိုတဲ့ အချက်ကို အထင်အရှား ပြသနေပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စုက ဇွတ်လုပ်တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ (၅၇)ပါတီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (ပြည်သူ့လွှတ်တော်အတွက် ၁၃၄၉ဦး၊ အမျိုးသား လွှတ်တော်အ တွက် ၈၃၅ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၂၇၃၃ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၁၀၆ဦး) စုစုပေါင်း ၅၀၂၃ဦး ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲစနစ်ကလည်း ပြည်သူ့လွှတ်တော်တစ်ခုတည်းသာ အနိုင်ရသူ အကုန်ယူစနစ် (first past the post – FPTP) စနစ်သွားပြီး ကျန်လွှတ်တော်များအတွက် ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional Representation – MMP) PR စနစ်နဲ့ သွားမှာဖြစ်ပါတယ်။

မဲပေးတဲ့စနစ်ကလည်း အရင်လို မဟုတ်တော့ဘဲ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နဲ့ မဲပေးကြရ မှာပါ။ အများပြည်သူကတော့ စစ်အုပ်စုလိုချင်တဲ့ နိုင်မဲအရေအတွက် လိုသလို ပိပိရိရိ ဖန်တီးပေးမယ့် မဲလိမ်စက်လို့ ပြောနေကြပါတယ်။ ဒီလိုပြောတာကလည်း အကြောင်းအချက်မဲ့တော့ မဟုတ်ပါဘူး။

ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ (မဆလ)တစ်ပါတီအာဏာရှင်စနစ်ကို ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံကနေ ပြောတာ ပါ။ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ (မဆလ)တစ်ပါတီအာဏာရှင်စနစ် လွှတ်တော်ထဲမှာလည်း မဲပေးတဲ့အခါ စက်ခလုပ်နှိပ် ပြီး မဲပေးကြပုံကို ပြည်သူတွေက မမေ့ပါဘူး။ အဲဒီမဲတွေက ပြည်သူတွေက ပေးရတာ မဟုတ်ပါဘူး။ ဗိုလ်နေဝင်း စစ်အုပ်စု တစ်လက်ကိုင်ပါတီ ခါးပိုက်ဆောင်ပါတီဖြစ်တဲ့ (မဆလ)ပါတီက စေလွှတ်လိုက်တဲ့ “လွှတ်တော်ကိုယ်စား လှယ်” ဆိုသူတွေက (စက်ခလုပ်နှိပ်ပြီး) မဲပေးကြရတာ ဖြစ်ပါတယ်။

အဲဒီလို (မဆလ) တစ်ပါတီအာဏာရှင်စနစ် လွှတ်တော်တွင်း စက်ခလုပ် နှိပ်မဲပေးမှုကလည်း ဘယ်တော့မဆို “ကန့်ကွက်သူ မရှိ တခဲနက် ထောက်ခံ” ကြတာချည်းပဲ။ “ကန့်ကွက်မဲ” ပေးဝံ့သူ တစ်ကောင်တစ်မြီးမှ မရှိပါဘူး။ ရှိတယ်လို့လည်း မကြားဖူးပါဘူး။ ဒီလို စက်ခလုပ် နှိပ်ခိုင်းလာရတာကလည်း ဗိုလ်နေဝင်းကို မဲနဲ့ဖြုတ်ချဖို့ စစ်ဗိုလ်အ မတ်တစ်စုက ကြံစည်ကြတဲ့ဖြစ်ရပ်တစ်ခုကြောင့်ပါ။ အဲဒီလို ဂိုဏ်းဖွဲ့မဲပေးတဲ့ စစ်ဗိုလ်တစ်စုကို (မဆလ)ပါတီက “နို့ဆီ သကြားအမှု”နဲ့ အကွက်ဆင်ပြီး (မဆလ) ပါတီကနေရော စစ်တပ်ကပါ ဖြတ်ထုတ်ပစ်လိုက်ပါတယ်။

အဲဒီအကြောင်း အကျယ်တဝင့်သိချင်ရင် မြနှောင်းညို ရေးတဲ့ “လှေခွက်ချည်းကျန် ဆန်ခဲ့ပါသည်” ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ကြပါ။ မြနှောင်းညိုရဲ့ ဖခင်က (မဆလ)ခေတ် ဒုတိယဗိုလ်မှူးကြီး(ဟောင်း) တင်ဝင်းညို ဖြစ်ပါ တယ်။ အဲဒီစာအုပ်ထဲမှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြနှောင်းညိုကို NLD ပါတီက စည်းရုံးအဆိုပြု လာတာနဲ့ပတ်သက်ပြီး ဦးတင်ဝင်းညိုက သူ့သမီး ဆရာဝန် စာရေးဆရာမ မြနှောင်းညိုကို ပြောတဲ့ မှတ်ချက်စကားဟာ (မဆလ)တစ်ပါတီအာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှုကို ထင်ဟပ်နေပါတယ်။

မြနှောင်းညိုရဲ့ ညီမ ဒေါ်နီနီဝင်းရဲ့ ခင်ပွန်းကတော့ (နအဖ)စစ်အုပ်စုခေတ်မှာ ဧရာဝတီတိုင်း (နတခ)တိုင်းမှူး၊ လယ်/ဆည်ဝန်ကြီး ဖြစ်ဖူးတဲ့ ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး၊ ကြံ့ဖွံ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ဌေးဦးပဲ ဖြစ်ပါတယ်။ ဗိုလ်ဌေးဦးဟာ ကြံ့ဖွံ့ပါတီထဲမှာ ဗိုလ်ရွှေမန်းဂိုဏ်းနဲ့ ဗိုလ်သိန်းစိန်ဂိုဏ်းတို့ ပါတီတွင်း အာဏာလုပွဲ (သန်းခေါင်ယံအာဏာသိမ်းပွဲ) ပြီးတဲ့နောက် ကြံ့ဖွံ့ပါတီမှာ “ပူးတွဲဥက္ကဋ္ဌလား” မသိ ဖြစ်လာပါတယ်။ နောက်ပိုင်းတော့ ကျန်းမာရေးပဲ မကောင်းသလား မသိပါဘူး။ ကြံ့ဖွံ့ပါတီမှာ ရုပ်မမြင်/သံမကြား ဖြစ်သွားပါတော့တယ်။

ပြန်ဆက်ရရင် (မဆလ)တစ်ပါတီအာဏာရှင်စနစ်အောက်က “ရွေးကောက်ပွဲ” ဆိုတာတွေမှာ ပြည်သူတွေက တော့ လွှတ်တော်မဲဆန္ဒနယ်အလိုက် (မဆလ)ပါတီက ချပေးတဲ့ ပြိုင်ဖက်မရှိတဲ့ မိုးကျရွှေကိုယ် တစ်ယောက်ထဲကိုပဲ ထောက်ခံမဲ (သို့မဟုတ်) ကန့်ကွက်မဲ (အဖြူ/အမဲ အရောင်နဲ့ခွဲခြားနဲ့ မဲပုံးထဲ) မဲဆန္ဒလက်မှတ်ကို ထည့်ပေးကြရတာ ပါ။ အဲဒီလိုရွေးကောက်ပွဲတွေမှာလည်း (မဆလ)ပါတီက ချပေးတဲ့၊ ပြိုင်ဖက်မရှိတဲ့ မိုးကျရွှေကိုယ် တစ်ယောက်ထဲက ပဲ အမြဲတမ်း အနိုင်ရသွားတာချည်းပါပဲ။ ပြည်သူတွေက ကန့်ကွက်မဲ (မဲပုံး အမဲရောင်ထဲ)တွေထည့်ကြလို့ အရွေးမခံရ ဘူးဆိုတာမျိုးလည်း တစ်ခါမှ မကြားဖူးပါဘူး။

အဲဒီခေတ်ကလည်း ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ တစ်လက်ကိုင် ခါးပိုက်ဆောင် (မဆလ)ပါတီက အရာရာကို ချုပ်ကိုင်ထားတာပါ။ ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုကို အလေးအနက် သတိပြု ဆင်ခြင်စရာအဖြစ် ပြောရရင် (မဆလ)တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ မမြင်ရတဲ့ အခြားလက်တစ်ဖက်က ထောက် လှမ်းရေးဖြစ်ပါတယ်။ ဒီထောက်လှမ်းရေးနဲ့ပဲ ဗိုလ်နေဝင်းစစ်အုပ်စုဟာ တစ်ပါတီအာဏာရှင်စနစ်ကို ထိန်းကျောင်း သွားတာပါ။ စစ်အုပ်စုကို ဆန့်ကျင်တဲ့ အင်အားစုတွေကို ရန်တိုက်သွေးခွဲတာ လုပ်ကြံ သတ်ဖြတ်စေတဲ့ လုပ်ရပ်တွေကို ဒီလက်မရွံ့အဖွဲ့ကပဲ လုပ်သွားတာပါ။ ဒါ့အပြင် စစ်အုပ်စုအတွင်း အာဏာ ခွာရာ တိုင်းလာတာတွေ၊ ဂိုဏ်းအုပ်စုဖွဲ့ လှုပ် ရှားတာတွေကို ဒီထောက်လှမ်းရေးကပဲ ဖော်ထုတ်တာပါ။ ဗိုလ်နေဝင်းဟာ သူ့ကို ခွာရာ တိုင်းလာတဲ့ စစ်တပ်ထဲ စစ်ဗိုလ်တွေ၊ မဆလပါတီထဲလူတွေ၊ ထောက်လှမ်းရေးကိုကိုင်ပြီး ဖြုတ်ထုတ်သွားတာပါ။ နောက်ဆုံး သူ့လက်တစ် ဖက် လက်ရုံးတစ်ဆူလို့ဆိုကြတဲ့ ထောက်လှမ်းရေးတင်ဦး (မျက်မှန်/ လန်ဘား)ဆိုသူကိုလည်း သူကိုယ်တိုင်ပဲ ဖြုတ် ထုတ်ထောင်ချပစ်ခဲ့တာပါ။

ဒါပေမယ့် သရဲဟာ သူ့ကိုမွေးထားတဲ့ ဆရာကို ပြန်ပြီးလည်မြိုညှစ်ဖို့ ခွာရာတိုင်း အာဏာလုဖို့ လုပ်လာတဲ့ အထိ အတင့်ရဲလာတဲ့အခါမှာတော့ ဗိုလ်သန်းရွှေစစ်အုပ်စုက လက်ဦးမှုယူပြီး ဗိုလ်ခင်ညွန့်တို့ဂိုဏ်းကို ဖြိုခွဲပစ်လိုက်ပါ တယ်။

ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်း ဖျက်သိမ်းခံရတာဟာ ဗိုလ်နေဝင်း မွေးမြူခဲ့တဲ့ ခါးပိုက်ဆောင်ခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ အဆုံးသတ်နိဂုံး ဖြစ်ပါတယ်။ တစ်ပြိုင်နက်ထဲမှာ ဗိုလ်သန်းရွှေ ခါးပိုက်ဆောင်ထားတဲ့ ထောက်လှမ်းရေး(စရဖ)နိဒါန်းလည်းဖြစ်တယ်ဆိုတာကို သတိမပေါ့ကြဖို့ပါ။ အခုတော့ အဲဒီ(စရဖ)ထောက်လှမ်းရေး ဟာ မင်းအောင်လှိုင်ရဲ့ လက်ထဲက တစ်လက်ကိုင် ခါးပိုက်ဆောင်ထောက်လှမ်းရေးဖြစ်နေပါတယ်။

ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးဂိုဏ်း ဖမ်းဆီးဖျက်သိမ်းခံရတဲ့ ၂၀၀၄ခုနှစ်ကနေ စရေတွက်မယ်ဆိုရင် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ တစ်လက်ကိုင်/ခါးပိုက်ဆောင်ဖြစ်လာတဲ့ (စရဖ)ထောက်လှမ်းရေးဟာ နှစ် ၂၀ကျော် လာပါပြီ။

ရှေ့က ဗိုလ်နေဝင်း စစ်အုပ်စု ၁၉၇၄ အခြေခံဥပဒေ – (မဆလ) တစ်ပါတီအာဏာရှင်စနစ် မျက်နှာဖုံးနဲ့လည်း သူတို့အာဏာကို ထိန်းသိမ်းခဲ့ကြဖူးတယ်။ ဗိုလ်နေဝင်းစစ်အုပ်စုကို ဆက်ခံတဲ့ (နဝတ-နအဖ) စစ်အုပ်စုကလည်း အခြေ ခံဥပဒေမရှိဘဲ သူတို့အာဏာကို (၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ) နှစ် ၂၀ကျော် ထိန်းသိမ်း ခဲ့ကြဖူးပါတယ်။

အခုမျက်မှောက်ကာလမှာလည်း “၂၀၀၈အခြေခံဥပဒေနဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်”ဆိုတာနဲ့ စစ်အုပ်စုဟောင်းဆီကနေ စစ်အုပ်စုသစ်က “စစ်အုပ်စုအာဏာအမွေ”ကို လက်ပြောင်းလက်လွှဲ ပြုလုပ် ခဲ့ကြပြီးပါပြီ။

အခုချိန်ထိ မြင်ရသလောက်ကတော့ အာဏာလက်ဝယ်ရထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုဟာ စစ်အုပ်စုအာ ဏာ သားစဉ်မြေးဆက် ဥမကွဲသိုက်မပျက် တည်တံ့ခိုင်မြဲစေဖို့အတွက်ဆိုရင် “၂၀၀၈အခြေခံဥပဒေနဲ့ စစ်မှန်၍ စည်း ကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာကို အသေဆုပ်ကိုင် ဖက်တွယ်ထားရအုံးမှာပါ။

ဒါဟာ ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့နောက်ပိုင်းကစလို့ နိုင်ငံရေးဇာတ်ခုံကိုတက်လာပြီး ဒီနေ့ မျက်မှောက် ခေတ်ထိတိုင် နှစ်ပေါင်း ၆၀ကျော်ကာလအတွင်း စစ်အုပ်စုအဆက်ဆက်က သူတို့လက်ဝယ် သိမ်းပိုက်ရရှိထားတဲ့ အာဏာကို ခေတ်ကာလအသီးသီး၊ ပြည်တွင်းပြည်ပအခြေအနေအမျိုးမျိုး အချိုးအကွေ့အဖုံဖုံမှာ ဘယ်လိုမျက်နှာဖုံး/ ဘယ်လိုပုံစံတွေသုံးပြီး သူတို့ဆက်ခံခဲ့တဲ့အာဏာအမွေကို ထိန်းသိမ်းလာခဲ့ကြသလဲဆိုတာရဲ့ မြေပုံကြမ်းတစ်ခုပါပဲ။

အခုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ ကျင်းပမယ်ဆိုတဲ့ ပထမအကြိမ် ရွေးကောက်ပွဲရောက်ဖို့ ရက် ပေါင်း ၄၀ကျော်ပဲ လိုပါတော့တယ်။ ရေဒီယို၊ ရုပ်သံ၊ သတင်းစာတွေကနေ ပထမအကြိမ် ဟောပြောမှု (၂၈ အောက် တိုဘာမှ နိုဝင်ဘာ ၂၄ရက်အထိ)မှာ (နိုဝင်ဘာလ ၂၀ရက်နေ့အထိ) နိုင်ငံရေးပါတီအဖွဲ့အစည်း (၃၆)ခု ဟောပြောခဲ့တာ တွေကို တွေ့မြင်ကြားသိ ဖတ်ရှုရပါတယ်။ အဲဒီ ၃၆ပါတီထဲမှာ “တိုင်းရင်းသားလူမျိုးအမည်” ယူထားတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း (၁၄)ခု ပါဝင်တာကိုလည်း သတိပြုမိပါတယ်။

ဟောပြောဖို့ ကျန်နေသေးတဲ့ ၂၁ပါတီထဲမှာလည်း “တိုင်းရင်းသားလူမျိုးအမည်” ယူထားတဲ့ နိုင်ငံရေး ပါတီအ ဖွဲ့အစည်းတွေရဲ့ ဟောပြောမှုတွေကို နားထောင်လေ့လာကြည့်ရပါအုံးမယ်။ “တိုင်းရင်းသားလူမျိုးအမည်” ယူထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာလည်း အခြေခံအားဖြင့် ၂မျိုး ၂စားလောက်ရှိမယ်လို့ ယူဆပါတယ်။ ပထမတစ်မျိုးက အုပ်စိုး သူ (စစ်အုပ်စု/ကြံ့ဖွံ့ပါတီ)နဲ့ မကင်းတဲ့ ပါတီအမျိုးအစားဖြစ်ပြီး ဒုတိယအမျိုးအစားကတော့ မိမိယုံကြည်မှု မိမိကိုယ် ပိုင်ဆုံးဖြတ်ရွေးချယ်မှုနဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ကြရတဲ့ ပါတီတွေဖြစ်ပါလိမ့်မယ်။ ဒုတိယအ မျိုးအစားက ပထမအမျိုးအစားထက် အရေအတွက်အားဖြင့် ပိုပြီးနဲလိမ့်မယ်လို့ ထင်ပါတယ်။

နည်းစနစ်မှန်ကန်တဲ့ တကယ့်ပါတီစုံ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် မိမိလူမျိုးအခွင့်အရေးအတွက်ပဲဖြစ် စေ၊ မိမိယုံကြည်ရာ နိုင်ငံရေးဝါဒ၊ အတွေးအခေါ်အယူအဆ၊ လုပ်ငန်းစဉ်လမ်းစဉ်တစ်ခုခုကို တင်ပြပြီး လက်တွေ့အ ကောင်အထည်ဖော်ဖို့ အများပြည်သူကို စည်းရုံးတာပဲဖြစ်စေ၊ ပါတီထူထောင်ကြတာ စည်းရုံးလှုပ်ရှားကြတာတွေကို ဒီမိုကရေစီအခွင့်အရေးအရ လေးစား အသိအမှတ်ပြုပါတယ်။ ဒီပါတီတွေ၊ ဒီပါတီဝင်တွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေ၊ ယှဉ်ပြိုင်မှုတွေ၊ ရလဒ်တွေကို ဥပဒေအရ တန်းတူညီမျှစွာ လုံလောက်စွာ အကာအကွယ်ပေးရမယ်လို့လည်း အလေး အနက် ယုံကြည်ယူဆပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ “၂၀၀၈အခြေခံဥပဒေနဲ့စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်” မှာတော့ အဲဒီလိုလုပ်နိုင်ဖို့ အခွင့်အရေးတွေ လုံးဝ(လုံးဝ) မရှိဘူးလို့ မြင်ပါတယ်။

တခြားဝေးဝေးမကြည့်ပါနဲ့။ ပြည်သူလူထုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပြည်သူကို သူတို့ရဲ့အနုပညာကို တင် ဆက်ပြီး အသက်မွေးဝမ်းကျောင်းပြုကြရတဲ့ ဂီတ၊ သဘင်၊ ရုပ်ရှင်က အနုပညာရှင်တွေရဲ့ ဘဝကိုပဲကြည့်ပါ။ စစ်အုပ် စုက အနိုင်ကျင့် အကျပ်ကိုင်ပြီး ရွေးကောက်ပွဲဝါဒဖြန့်ချိရေးမှာ ပါဝင်သရုပ်ဆောင်နေကြရတယ် မဟုတ်ပါလား။

ပြီးတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ “အခြေခံဥပဒေနဲ့ အခြားဥပဒေအရပ်ရပ်၊ နိုင်ငံရေးပါတီအဖွဲ့အ စည်းတွေ၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရလဒ်” စတဲ့ အရာတွေအားလုံးရဲ့ အထက်မှာရှိပြီး သူစိတ်ကြိုက်ထင်သလို ထာဝစဉ် ဗိုလ်ကျနေတာပါ။

အဲဒီလို အဖက်ဖက်က ကွက်ပြည့်နင်းပြီး ဗိုလ်ကျလွှမ်းမိုးထားတဲ့ အခြေအနေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဆိုတာဟာ စစ်အုပ်စု အဆက်ဆက် အာဏာသားစဉ်မြေးဆက် ဥမကွဲသိုက်မပျက် တည်တံ့ခိုင်မြဲစေ ဖို့အတွက်ကလွဲပြီး အခြားဘာမှမဖြစ်နိုင်ပါဘူး။ အဲဒီလို စစ်အုပ်စုက ချုပ်ကိုင်ဗိုလ်ကျထားတဲ့ “စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်”ကို အတုအယောင် ပါတီစုံဒီမိုကရေစီစနစ်လို့ပဲ ခေါ်ကြရမှာပါ။

ဒါကြောင့် ပြည်သူတွေဟာ ဒီလိုရွေးကောက်ပွဲတွေနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာနေကြတာဟာ ဘေးအန္တရာယ်မျိုးစုံကနေ ကင်းဝေးစေပါလိမ့်မယ်။