နိုဝင်ဘာ (၂၁)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီနယ်စပ် ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် အဆောက်အဦးများကို အထူးစစ်ဆင်ရေးဖြင့် နိုဝင်ဘာ(၁၈)ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် စစ်အုပ်စုပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးလျက်ရှိရာ သုံးရက်အတွင်း လူ(၁,၀၀၀) နီးပါး ဖမ်းဆီးထိန်းသိမ်းထားပြီးကြောင်း BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
စစ်အုပ်စု၏ ရဲနှင့်စစ်တပ်ဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ကျားဖြန့်နှိမ်နင်းရေး အထူးစစ်ဆင်ရေးကို စတင်တော့မည်ဖြစ်ကြောင်း ကြေညာအပြီး နိုဝင်ဘာ(၁၈)ရက်နေ့မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ အဆောက်အဦး(၂၂)လုံးကို ဝင်ရောက်စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု နိုဝင်ဘာ(၂၀)ရက်နေ့က မီဒီယာများနှင့်ပြုလုပ်သည့် BGF ၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။
နိုဝင်ဘာ(၁၈)ရက်နေ့က ကျားဖြန့်လုပ်ကိုင်သူ (၃၄၆)ဦး၊ (၁၉)ရက်နေ့တွင် (၂၆၄)ဦး၊ ယမန်နေ့(၂၀)ရက်နေ့က (၃၀၀)ကျော်ဖြင့် စုစုပေါင်း လူ (၉၀၀) ထက်မနည်း ထိန်းသိမ်းထားပြီး မြဝတီနယ်စပ်သောင်ရင်းမြစ်တစ်လျှောက်ကိုလည်း ဆက်လက်ပိတ်ဆို့စစ်ဆေးနေသည်ဟု နိုင်မောင်ဇော်က ဆိုသည်။
“လောလောဆယ် ထိုင်းဘက်မလွတ်သွားအောင် ကျနော်တို့ နယ်မြေပိတ်ဆို့ရေးလုပ်နေပါတယ်။ လဝကနဲ့ တာဝန်ရှိသူတွေကပဲ စိစစ်ပြီး သက်ဆိုင်ရာနိုင်ငံကိုပို့မှာပါ။ ကျားဖြန့်နှိမ်နင်းရေးဆက်လုပ်ဖို့တော့ အများကြီးရှိဦးမယ်။ အားလုံံပြီးရင်ပွင့်လင်းမြင်သာစွာဖော်ပြသွားပါမယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် ကျားဖြန့်လုပ်ငန်းခွင်များမှ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ၂ ထောင်ကျော်၊ မိုဘိုင်းဖုန်း အလုံးရေ ၂ သောင်းကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်အုပ်စုကိုအပ်နှံထားပြီးဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် BGF က ရှင်းလင်းဖြေဆိုသွားသည်။
နိုဝင်ဘာ(၁၂)ရက်နေ့က အမေရိကန်နိုင်ငံမှ အရှေ့တောင်အာရှ မြန်မာ၊ လာအိုနှင့်ကမ္ဘာဒီးယားနိုင်ငံတို့မှ ကျားဖြန့်လုပ်ငန်းများကို စစ်ဆေးနှိမ်နင်းရန် Scam Center Strike Force-SCSF ကိုဖွဲ့စည်းအပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ မြန်မာဆိုင်ရာ SCSF အဖွဲ့များ ရောက်ရှိလာကြောင်း မီဒီယာများကဖော်ပြသည်။

ထို့နောက် တရုတ်နှင့်ထိုင်းနိုင်ငံဘက်ကလည်း ကျားဖြန့်နှိမ်နင်းရေး ကြိုးပမ်းမှုများရှိလာပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မွန်၊ကရင်ခရီးစဥ်အတွင်း ကျားဖြန့်ကိုနှိမ်နင်းသွားမည့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းအပြင် ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများမှ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများမှ ဖြတ်ကျော်ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းကာစီးပွားရှာနေကြသည်ဟု စစ်အုပ်စုကဆိုသည်။
ထို့အတူ KK Park နယ်မြေကို စစ်အုပ်စုနှင့်BGFက ဟန်ပြဖောက်ခွဲရှင်းလင်းနေသော်လည်း တဖက်တွင် ကျားဖြန့်လုပ်ငန်းရှင်များကို ၎င်းတို့နယ်မြေအတွင်း ကူညီပြောင်းရွှေ့ပေးကာ လုံခြုံရေးတာဝန်ယူပေးနေကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
BGF ကမူ သတင်းစာရှင်းလင်းပွဲမှတဆင့် ထိုပြောဆိုချက်အပေါ် ငြင်းဆိုထားပြီး ၎င်းတို့ကိုယ်တိုင်လည်း ကျားဖြန့်နှင့်ပတ်သက်မှုမရှိ၍ အပြစ်မရှိဟု ထပ်မံတုံ့ပြန်ပြောသည်။
သို့သော် ပြီးခဲ့သည့်လပိုင်းနှင့်ယခုရက်ပိုင်းအတွင်း BGF တာဝန်ရှိသူတို့နှင့်အတူ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ခေါင်းဆောင်လေးဦးလည်း အမေရိကန်၏ပိတ်ဆို့အရေးယူမှုကို ခံထားရသည်။




















