Home သတင်း စုကလိရွာတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံထိခိုက်သေဆုံးမှုရှိ၍ ကျောင်းနှင့်နေအိမ်အချို့ပျက်စီး

စုကလိရွာတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံထိခိုက်သေဆုံးမှုရှိ၍ ကျောင်းနှင့်နေအိမ်အချို့ပျက်စီး

391
Photo- CJ

နိုဝင်ဘာ (၂၁)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ မြဝတီတောင်ပိုင်းရှိ စုကလိရွာတစ်ဝိုက်သို့ ယမန်နေ့ (နိုဝင်ဘာ ၂၀) ရက်နေ့က စစ်အုပ်စုမှ လေကြောင်းဖြင့် ဗုံးအလုံးရေ (၂၀) ထက်မနည်း တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုရှိပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အချို့ထိခိုက်ပျက်စီးသွားကြောင်း နယ်မြေသတင်းအရင်းအမြစ်များမှ သိရသည်။

လတ်တလောတိုက်ပွဲဖြစ်ပွားနေသည့် ဝေါလေနှင့် ၁၂ မိုင်ဝန်းကျင်ဝေးကွာသော စုကလိရွာတစ်ဝိုက်သို့ စစ်အုပ်စုက ယမန်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ်၊ Y12 ဖြင့် ဗုံး(၂၀)လုံးပစ်ချ တိုက်ခိုက်ခဲ့သောကြောင့် ရွာအတွင်း ထိိခိုက်ပျက်စီးမှုများပြားခဲ့သည်ဟု ဒေသခံနှင့်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

“တိရိစ္ဆာန်တွေ၊ အဆောက်အအုံတွေ တော်တော်ထိခိုက်တာရှိသလို လူသုံးလေးယောက်ထိသွားတာလည်း ရှိတယ်။ လေယာဉ်လာရင် တော်တော်များများ ဝေါလေဘက်ပဲလာပစ်တာကိုး၊ သူများသတိမထားမိတဲ့အချိန်မှာ ဒီလိုလာပစ်တော့ထိသွားကြတာ။ စုကလိရွာသားတွေပါ။” ဟု တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

နယ်မြေအခြေစိုက် သတင်းဌာနတစ်ချို့တွင်မူ လေယာဥ်ဗုံးကြဲမှုကြောင့် လူ(၁)ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဖော်ပြထားသည်။

Photo: CJ

ထို့အပြင် ကေအိုင်စီသတင်းအရင်းအမြစ်မှ ပေးပို့လာသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားရာနေရာရှိ ရုပ်သံနှင့်ပုံမှတ်တမ်းများအရ စာသင်ကျောင်းအဆောက်အအုံ ပျက်စီးမှုအများအပြားရှိသလို နေအိမ်တချို့လည်း ပြိုကျပျက်စီးသွားသည်။

“မနေ့က ကလေးများနေ့လေ၊ ကလေးတွေကျောင်းမတက်တော့ ဖြစ်တဲ့အချိန်မှာလူမရှိဘူး။ လေယာဥ်လာပစ်ပြီး ဟိုးထိုင်းနယ်စပ်ဘက်ပြေးကြတာ ရွာထဲမှာလည်းလူကုန်ကာနီးပဲ” ဟု စုကလိရွာသို့ရောက်ရှိနေသူ အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

စုကလိအခြေစိုက် စစ်အုပ်စုတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းယူအပြီး ထိုအနီးတဝိုက် စစ်တပ်စခန်းအများစုရှင်းလင်းသွားသဖြင့် ဒေသခံများနေရပ်ပြန်နေထိုင်ကြသည်။

Photo- CJ

၎င်းနှင့်ကီလိုမီတာအတန်ငယ်ဝေးသည့် လေးကေကော်၊ ဝေါလေနှင့်ထီးသဲလယ်ဘက်တွင်မူ နှစ်ဖက်တိုက်ပွဲများရှိနေပြီး စစ်အုပ်စုကလေကြောင်းဖြင့် ရိက္ခာပို့ဆောင်မှုပုံမှန်ရှိနေကြောင်း KNLA သတင်းအရင်းအမြစ်တို့က ဆိုသည်။

စစ်အုပ်စုတပ်စွဲခဲ့သည့် စုကလိစခန်းကို KNLA မဟာမိတ်တပ်များက ဝိုင်းဝန်းပိတ်ဆိို့တိုက်ခိုက်သည့် ကာလတွင်လည်း ထိုဒေသတစ်ဝိုက်ကို စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။