Home သတင်း ဝင်းရော်ဒေသမှ မွေးကင်းစ သုံးမွှာပူးကလေးများ ဆေးကုသမှုအတွက် အကူအညီလိုအပ်

ဝင်းရော်ဒေသမှ မွေးကင်းစ သုံးမွှာပူးကလေးများ ဆေးကုသမှုအတွက် အကူအညီလိုအပ်

676

နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ရွာနေ မိခင်မှမွေးဖွားသည့် မွေးကင်းစ သုံးမွှာပူးကလေးများ ကျန်းမာရေးအခြေအနေ စိုးရိမ်မှုကြောင့် ဆေးကုသရန် အကူအညီများ လိုအပ်နေကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံ (အမေရိ ကန်ဆေးရုံ)၌ ယောကျ်ားလေး သုံးမွှာပူးကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများမှ မိခင်နှင့် ကလေးများကို ဘေးကင်းစွာဖြင့် အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆေးရုံက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ၄ ရက်သားသာ ရှိသေးသည့် အမွှာသုံးဦးထဲမှ နှစ်ဦးသည် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သဖြင့် ဇာသပြင်မြို့မှ ပရဟိတအဖွဲ့က ရန်ကုန်ဆေးရုံသို့ သွားရောက် ပို့ဆောင်ပေးထားပြီး ဆေးကုသစရိတ်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“လောဆယ်ကလေး ၂ ယောက်က နေသိပ်မကောင်းတော့ ဒီနေ့ ရန်ကုန်ပို့ထားလိုက်ပြီ။ အကြီးဆုံး တစ် ယောက်ကတော့ ဘာမှမဖြစ်ဘူး။ အလယ်နဲ့ အငယ်ဆုံး နှစ်ယောက်ကပေါင်မပြည့်ဘူး ကြားတယ်။ တခြားအရေးပေါ် အသက်အန္တရာယ် စိုးရိမ်စရာရှိမှာစိုးလို့ ရန်ကုန် သွားပို့လိုက်တာ။ အဓိက လိုအပ် နေတာ သူတို့ရဲ့ သွားလာနေထိုင်ရေးနဲ့ ကလေးဆေးကုစရိတ်ပေါ့နော်။ အဲဒီအတွက် နိုင်သလောက် ပါဝင်ကူညီပေးစေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ကလေးငယ်၏ မိသားစုသည် ဆင်းရဲနွမ်းပါးပြီး ပုံမှန်ဝင်ငွေ မရှိသောကြောင့် ကလေးများအတွက် လိုအပ်သော အသုံးစရိတ်များအတွက် မတတ်နိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အတွက်ကြောင့် ကလေးမွေးဖွားပေးသည့် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံ (အမေရိကန်ဆေးရုံ) အနေဖြင့် ငွေကြေးကုန်ကျမှု မရှိစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဆေးရုံ၏ လူမှုကွန်ရက်မှ စာမျက်နှာမှတဆင့် သိရသည်။

ယင်း သုံးမွှာပူးကလေးများ၏ မိဘများမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံများဖြစ်သည်။ အသက် ၄၁ နှစ်အရွယ် မိခင်က ယခုမွေးလာသည့် အမွှာများသည် (၄) ဦးမြောက် ကလေးများဖြစ်ကြသည်ဟု သိရသည်။