အောက်တိုဘာ ၅ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပဋိပက္ခအတွင်းမှ ကလေးငယ်များအနာဂတ်အတွက် စွန့်လွှတ်၊ အနစ်နာခံ ပညာသင်ကြားပေးနေသော ကော်သူးလေဒေသရှိ ဆရာ၊ ဆရာမများအား ဂုဏ်ပြုကြောင်း ယနေ့ ကမ္ဘာ့ဆရာများနေ့အတွက် ပေးပို့သည့် Karen Teacher Working Group (KTWG) ၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံတဝှမ်း စိန်ခေါ်မှု ပြည့်နှက်နေသည့် အခြေအနေအောက်တွင် ဆရာ/ဆရာမများသည် ပညာရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိရာ၊ ရွှေ့ပြောင်းတိမ်းရှောင်နေရသည့်ကြားမှ ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်ပေးသည့် ကရင် ကျောင်း ဆရာ/ ဆရာမများအပါအဝင် အားလုံးကို ဂုဏ်ပြုအပ်ကြောင်း KTWG ၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။
ယနေ့ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် KTWG အနေဖြင့် ကရင်အပါအဝင် မြန်မာနိုင်ငံရှိ ဆရာ/ဆရာမများနှင့် အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများအားလုံးကို ဂုဏ်ပြုအပ်သလို၊ ဆရာ/ဆရာမများအတွက် ရပ်တည်နေကြောင်းလည်း အဖွဲ့၏ သဝဏ်လွှာအတွင်းတွင် ပြောဆိုထားသည်။

မိခင်ဘာသာစကား၊ ယဉ်ကျေးမှု နှင့် ကိုယ်ပိုင်လက္ခဏာတို့ကို ထိန်းသိမ်းရန်အခြေခံပြီး ၁၉ ရာစုမှ စတင် တည်ထောင်သည့် ကရင်ပညာရေးကို မပျောက်ဆုံးစေရန် ဒုက္ခသည်စခန်းတွင် သော်လည်းကောင်း၊ စစ်ဘေးရှောင်စခန်းတွင်သော်လည်းကောင်း ကရင် ဆရာ/ဆရာမများက ကြိုးစားထိန်းသိမ်းသင်ကြား ပေးနေကြသောကြောင့် ကရင်ကလေးငယ်များ၏ ပညာရေးမီးအိမ်သည် မှေးမှိန်သွားခြင်းမရှိကြောင်းလည်း KTWG ကဆိုသည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုအမွေဆက်ခံမှုများကို ထိန်းသိမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး ကရင် ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ကို ၁၉၅၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို့နောက် ကရင် ဆရာ/ဆရာမများ၏ ပညာရေးအရည်အချင်း မြှင့်တင်ရေးနှင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်နိုင်ရန် Karen Teacher Working Group (KTWG) ကို ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအပြင် ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင်လည်း ဂုဏ်ပြုကျင်းပကြသည် ဟု သိရသည်။



















