အောက်တိုဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာလူဦးရေ သုံးပုံတစ်ပုံရှိ လူငယ်များသည် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုရေးပြဿနာများကြောင့် ပညာရေးနှင့် ဝင်ငွေလမ်းကြောင်းများ ယိုယွင်းလာပြီး အနာဂတ်ရပ်တန့်ခံနေရသည့် အခြေအနေကို ရောက်ရှိနေကြောင်း ယနေ့ (အောက်တိုဘာ ၂ ရက်နေ့) ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ အစီရင်ခံစာတွင် သတိပေးထားသည်။
ပညာရေးဆုံးခန်းမတိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် အသက်မွေးဝမ်းကျောင်းအလုပ် ထိရှလွယ်ခြင်းတို့သည် အထူးသဖြင့် အမျိုးသမီးလူငယ်များအကြား ပိုမိုဖြစ်ပွားနေပြီး ဘွဲ့ရပညာတတ် လူငယ်များပင် အလုပ်ရရှိရေး ရုန်းကန်နေရသည်ဟု UNDP က ဆိုသည်။
အလုပ်နှင့် ပညာရေးလက်လှမ်းမမီနိုင်မှုသည် မြို့ပြထက် ကျေးလက်နေလူငယ်များတွင် ပိုမိုဖြစ်ပွားနစ်နာစေပြီး မြန်မာနိုင်ငံ၏ လူဦးရေ ဆိုင်ရာ အကျိုးအမြတ်ကိုလည်း ဆုံးရှုံးလုနီးပါး အခြေအနေဖြစ်သည်ဟု ဖော်ပြသည်။
“ပညာသင်ကြားမှု ပြတ်တောက်ခြင်း၊ ကောင်းမွန်သောအလုပ်များ ပျောက်ကွယ်လာခြင်းနှင့် မလုံခြုံ မှုများ ပိုမိုမြင့်တက်လာခြင်းတို့အပြင် ကျား-မ အခြေပြုသော ကွာဟမှုများနှင့် လူမှုရေးဆိုင်ရာ အတား အဆီးတွေရဲ့ ဖိအားတွေအောက်တွင် သန်းနှင့်ချီသော လူငယ်အမျိုးသမီးများနှင့် အမျိုးသားများသည် ရည်မှန်းချက်များနှင့် စွမ်းရည်များ ပြိုလဲနေရတာကို မြင်တွေ့နေကြရပါသည်” ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က အစီရင်ခံစာတွင် ပြောသည်။
မြန်မာနိုင်ငံရှိ လူငယ်လူဦးရေ ၄ သန်းခန့်မှာ အလုပ်လက်မဲ့ဖြစ်နေပြီး အများစုမှာ လယ်အလုပ်နှင့် နေ့စားအလုပ်လို ဝင်ငွေမတည်ငြိမ်သည့် လုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် ရှေးရိုးစွဲ ကျား-မ ခွဲခြားမှုအယူအဆများကြောင့် ပညာရေးရော အလုပ်အကိုင်မှာပါ အမျိုးသမီးများက အမျိုးသားများထက် အခွင့်အရေးပိုနည်းနေသည်ဟု အစီရင်ခံစာက ဆိုသည်။
ထို့ကြောင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို အထူးသဖြင့် ကျေးလက်နေသူ၊ နေရပ်စွန့်ခွာရသူ၊ အိမ်တွင်းမှုလုပ်နေရသည့် လူငယ်များအတွက် ဒေသအလိုက် အမြန်ဆုံး လုပ်ဆောင်နိုင်ရေး လိုအပ်ကြောင်းလည်း UNDP က တိုက်တွန်းထားသည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အုပ်စုက လူထုတော်လှန်ရေးလှုပ်ရှားမှုအပေါ် တုံ့ပြန်လုပ် ဆောင်ချက်များကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့ခြင်းတို့ ခံခဲ့ရသလို ကုန်သွယ်ရေးပြတ်တောက်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအချို့ ရပ်ဆိုင်းခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထို့နောက် နောက်ဆက်တွဲ အလုပ်ကိုင်အခွင့်အလမ်းရှားပါးခြင်းအပြင် အသစ်ထုတ်ပြန်လိုက်သော စစ်မှု ထမ်းဥပဒေကြောင့်လည်း နိုင်ငံရှိ လူငယ်အများအပြားလာည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်၍ အလုပ်ကိုင်ရှာဖွေ လုပ်ကိုင်လာကြသည်။
အနီးစပ်ဆုံး ထိုင်းနိုင်ငံရှိ လုပ်သားဈေးကွက်တစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမား မြန်မာလူမျိုးများ ဖြစ်ကြပြီး အကြမ်းဖျင်းအားဖြင့် ထိုင်းရောက် မြန်မာအလုပ်သမား သန်းနှင့်ချီရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များထံမှ သိရသည်။



















