Home ဆောင်းပါး ပြည်သူကို မျက်နှာမူကာ သန့်ရှင်းပြီး သိက္ခာရှိတဲ့ ဆင်ခြင်ဉာဏ်အသိတရားနဲ့ သတိထားဆောင်ရွက်ကြပါ

ပြည်သူကို မျက်နှာမူကာ သန့်ရှင်းပြီး သိက္ခာရှိတဲ့ ဆင်ခြင်ဉာဏ်အသိတရားနဲ့ သတိထားဆောင်ရွက်ကြပါ

516

ပြည်သူကို မျက်နှာမူကာ သန့်ရှင်းပြီး သိက္ခာရှိတဲ့

ဆင်ခြင်ဉာဏ်အသိတရားနဲ့ သတိထားဆောင်ရွက်ကြပါ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၀နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်း အနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ပြောကြားသည့် ဂုဏ်ပြုစကား” ကို သတင်းစာတွေက နေ ဖတ်ရပါတယ်။

“ကရင်တိုင်းရင်းသားခေါင်းဆောင်” ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်စရာမရှိဘဲ ကျနော် လေးလေးနက်နက် သဘောတူပါတယ်။ ဘာကြောင့်သဘောတူရသလဲဆိုတာအတွက် ကျနော့်မှာ အင်မတန် ခိုင်မာတဲ့ အကြောင်း နှစ်ချက် ရှိပါတယ်။ ပထမအချက်က စောမူတူးစေးဖိုးရဲ့ ငြိမ်ချမ်းရေးကို စစ်မှန်စွာလိုလားတဲ့ ဆန္ဒကို လေးစားတဲ့အချက် ဖြစ်ပါ တယ်။ ဒုတိယအချက်ကတော့ သာမန်ကရင်စစ်သားလေးဘဝကနေ KNLA စစ်ဦးစီးချုပ်၊ အဲဒီကမှတစ်ဆင့် ကရင် အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့၊ ဖြတ်သန်းခဲ့တဲ့ ကရင်လက်နက်ကိုင် တော်လှန်ရေးဖြတ်သန်းမှုကို တန်ဖိုးထား လေးစားဂုဏ်ယူတဲ့အချက် ဖြစ်ပါတယ်။

ဒါ့အပြင် တတိယအချက်အဖြစ် ကျနော် အလေးထား ထည့်သွင်း စဉ်းစားမိတဲ့အချက်က စောမူတူးစေးဖိုး ဟာ တချိန်က KNU ကွန်ဂရက်က ရွေးချယ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ဥက္ကဋ္ဌ တစ်ယောက်ဖြစ်ခဲ့သ လို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သူတစ်ဦး ဖြစ်ပါ တယ်။

ဒီအချက် ၃ချက်နဲ့ လက်ရှိ စောမူတူးစေဖိုးကို ကျနော်ကြည့်မြင်တဲ့အခါ ကျနော့်အတွက် မလေးမစား လုပ် စရာ၊ ပျက်ရယ်ပြုစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ ဒါ့အပြင် ဒီနေ့ဖြစ်ပျက်နေတဲ့ တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ ကရင်တိုင်းရင်းသား လက်ရှိရင်ဆိုင်နေရတဲ့ အကြောင်းအချင်းအရာတွေအတွက် စောမူတူးစေး ဖိုးမှာ ပြောသင့်ပြောထိုက်တာတွေကို‌ အချိန်မီ ပြောကြားလမ်းညွှန်ဖို့ ဝေဖန်တည့်မတ်ပေးဖို့ တာဝန်တွေရှိနေသေး တယ်လို့လည်း မြင်ပါတယ်။

ဒါ့အပြင် ဖြတ်သန်းကြီးပြင်းခဲ့ရတဲ့ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ သခင် ခရစ်တော်ရဲ့အဆုံးအမတွေနဲ့ သိမ်မွေ့တဲ့ ခရစ်ယာန်တရားဓမ္မတွေက ယခုအခါ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့၊ အဖွဲ့အစည်းတာဝန်အရပ်ရပ်ကနေ အနားယူခဲ့ပြီးဖြစ်တဲ့ အကြောင်းအချက်တွေက စောမူတူးစေးဖိုးအတွက် ငြိမ်းချမ်း ရေးဘက်ကို ပိုမိုတိမ်းညွှတ်သွားစေတာ ဖြစ်လိမ့်မယ်လို့လည်း ကျနော့်ကို ဆက်စပ်စဉ်းစားတွေးတောမိစေပါတယ်။

(NCA) ၁၀နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးရဲ့ ဂုဏ်ပြုစကားထဲကနေ အောက်ပါ အချက် ၄ ချက်ကို သတိပြုမိပါတယ်။

– NCA သက်တမ်း (၁၀)နှစ်အတွင်းမှာ ပြဋ္ဌာန်းထားသလောက် အကောင်အထည်မဖော်နိုင်ခဲ့ဘူး ဆိုတဲ့ ဝန်ခံချက်
– လက်တွေ့အခြေအနေများနဲ့ ကိုက်ညီပြီး သက်ဆိုင်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်မယ့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှာဖွေဖော်ထုတ်ရေး
– NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကို အလေးထားပြီး မြှင့်တင် ဆောင်ရွက်သွားဖို့
– အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်ပြီး ပြည်သူလူထုများရဲ့အနာဂတ်မှာ လူငယ်မျိုးဆက်သစ်တွေအတွက် “ငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကို ချန်ထားရစ်ခဲ့ဖို့ ကြိုးပမ်းကြရမယ်

KNU အဖွဲ့အစည်း အဆင့်ဆင့်ကနေ KNLA တာဝန်အသီးသီးကနေ အနားယူသွားကြပြီးဖြစ်တဲ့ ဝါရင့်ကရင် လူကြီးသူမတွေ “တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက်၊ ကရင်တိုင်းရင်းသားတွေအားလုံးအတွက်၊ ငြိမ်းချမ်းရေးအတွက်” အသက်အရွယ်နဲ့ ကျန်းမာရေးက ခွင့်ပြုတဲ့ အတိုင်းအတာအတွင်းကနေ စွမ်းနိုင်သလောက် ဆက်လက် ပါဝင်ကြိုးပမ်းကြတာကို အလေးအနက် ကြိုဆိုကြရမှာပါ။

အသက်အရွယ်နဲ့ ကျန်းမာရေးကခွင့်ပြုတဲ့ အတိုင်းအတာအတွင်းကနေ စွမ်းနိုင်သလောက် ဆက်လက် ပါဝင် ကြိုးပမ်းဆောင်ရွက်ကြတာမှာ သမာသမတ်ကျတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ဖြောင့်မတ်တည်ကြည်တဲ့၊ တိုင်းပြည်အကျိုးနဲ့ ပြည်သူ့အကျိုးကို တည့်မတ်တည်ကြည်စွာ မျက်နှာမူတဲ့ သန့်ရှင်းတဲ့ ပါဝင်ကြိုးပမ်းမှုမျိုးပဲ ဖြစ်စေချင်ပါတယ်။

ကျနော်တို့ ဝါရင့်ကရင်လူကြီးသူမတွေ အပါအဝင် အခြားမည်သည့် တိုင်းရင်းသားလူမျိုးအသီးသီးက မည်သည့်လူကြီးသူမတွေဆို “ဘဝဆည်းဆာချိန်မှာ” တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ မိမိလူမျိုးစုအတွက် စွမ်းနိုင် သလောက် အခန်းက ဆက်လက်ပါဝင် ကြိုးပမ်းဆောင်ရွက်ကြတာမှာ “ဘယ်လိုအနှောင်အဖွဲ့နဲ့ ဘယ်လို အဂတိမျိုးမှ” မစွက်ဖက်၊ မစွန်းထင်းစေချင်ပါဘူး။

တချိန်က မိမိကိုယ်တိုင် ကြီးကြီးမားမား၊ ထိထိရောက်ရောက် ပါဝင်ခေါင်းဆောင်မှုပေးခဲ့ဖူးတဲ့ အဖွဲ့အစည်း၊ တပ်မတော်နဲ့ လူမျိုးစုအကြားမှာ သံသယပွားစေမယ့် ညီညွတ်မှုကို ထိခိုက်နစ်နာစေမယ့် ကိစ္စမျိုးတွေကိုတော့ သတိ ကြီးစွာနဲ့ ရှောင်ရှားနိုင်ကြဖို့လည်း အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။

“တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက်၊ ကရင်တိုင်းရင်းသားတွေအားလုံးအတွက်၊ ငြိမ်းချမ်း ရေးအတွက်၊ သွေးစည်းညီညွတ်ရေးအတွက်” ထိခိုက်နစ်နာစေမယ့် အပြောအဆို၊ အပြုအမူနဲ့ လုပ်ဆောင်မှုမှန်သမျှ ကိုလည်း ဘယ်သူကပဲလုပ်လုပ်၊ ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် တည်တည်ကြည်ကြည်နဲ့ ကန့်ကွက်ဆန့်ကျင်တား ဆီးပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းမှန်ကို ညွှန်ပြပေးဖို့လည်း အလေးအနက် ပန်ကြားချင်ပါတယ်။

တကယ်တော့ ဒီနေ့တိုင်းပြည်နဲ့အဝန်းမှာ မရပ်မနားဖြစ်ပျက်နေတဲ့ ဆိုးကျိုးဆက်များဟာ မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စုရဲ့ (၁-၂-၂၀၂၁)ရက်နေ့ မိုက်မိုက်ကန်းကန်း အာဏာသိမ်းပိုက်မှုက တိုက်ရိုက်ဖန်တီး ဖြစ်ပေါ် စေလိုက်တာတွေပဲ ဖြစ်ပါတယ်။
ပါတီစုံစနစ်ရှိတဲ့ တိုင်းပြည်တိုင်းမှာ “ရွေးကောက်ပွဲဆိုင်ရာပြစ်မှု” ဆိုတာ လွှဲရှောင်လို့မရတဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စ၊ သာမန်ပြစ်မှုမျိုးမျှသာ ဖြစ်ပါတယ်။

ဒီလိုပြဿနာတွေကို ကျကျနန ကိုင်တွယ်နိုင်စေဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လို အဖွဲ့အစည်းကို တိတိကျကျ ဥပဒေ အပ်နှင်းထားကြပြီးဖြစ်ပါတယ်။ အခုတော့ အာဏာငမ်းဖမ်းနေတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုက “မဲမသမာမှု” ဆိုတဲ့ ပြဿနာအသေးအမွှားကို လုပ်ကြံအကျယ်ချဲ့ပြီး အပ်နဲ့ထွင်ရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ ပေါက်ပြီး ဖြေရှင်းလိုက်တာပါ။ ပေါင် ၅၀၀ ဗုံးတွေကြဲချသလို ဖြေရှင်းလိုက်တာပါပဲ။

အရင်းစစ်လိုက်ရင် မင်းအောင်လှိုင်တို့ စစ်အုပ်စုက လုပ်ကြံဖန်တီးအကျယ်ချဲ့ခဲ့ကြတဲ့ “မဲမသမာမှု” ဆိုတဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် “ငါ သမ္မတဖြစ်ရေး” ဆိုတဲ့ အတ္တအာဏာလောဘ အမိုက်အမှောင်ဖုံးနေတဲ့ မင်းအောင်လှိုင်အတွက် မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြုံးဝါးပြီး အများစုက လက်နဲ့ရေးခဲ့ သမျှကို ခြေနဲ့ ဖျက်နေတာတွေလောက် လူမဆန်တဲ့အကြမ်းဖက်မှုဟာ ဤလောကကမ္ဘာမှာ မရှိနိုင်တော့ပါ။

တိုင်းပြည်ရဲ့ ပြည်သူရဲ့ ဒီနေ့ ပြိုကွဲပျက်စီးဆုံးရှုံးနေရမှု အားလုံးအတွက် မင်းအောင်လှိုင်တို့ စစ်အုပ်စုမှာ ပထမနဲ့ အဓိက တာဝန်ရှိပါတယ်။
မင်းအောင်လှိုင်က NCA (၁၀) နှစ်ပြည့်ပွဲမှာ အရှက်မဲ့စွာ အခုလို ပြောဆိုထားပါတယ်။

– ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းနေခြင်းဟာ မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ပါဘူး။ ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ပြီး ရည်မှန်းချက်နဲ့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခကို လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးယဉ်ကျေးမှုအ သစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ဆောင်ရွက်ရပါမယ်။

– လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကိုတောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ ဒေသခံပြည်သူလူထုကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ သွေဖည်နေပြီး မှန်ကန်တဲ့လုပ်ငန်းစဉ် မဟုတ် ကြောင်း အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။

“မဲမသမာမှု” ကိစ္စ အလွယ်တကူဖြေရှင်းနိုင်တဲ့ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေတွေ” ရှိနေပါလျက်နဲ့ ချိုးဖောက်ကျောခိုင်းပြီး “အာဏာသိမ်းပိုက်တဲ့နည်း”နဲ့ ဖြေရှင်းတာဟာ မှန်ကန်တဲ့ နည်းလမ်းဟုတ်ရဲ့လား။ ပြည်တွင်းပြည်ပ ပဋိပက္ခတွေ ပိုမိုတိုးများလာပြီး ငြိမ်းချမ်းရေးနဲ့ ဝေးကွာသွားအောင်လုပ် လိုက်တာ ဘယ်သူလဲ။

မိမိလိုချင်တာ၊ မိမိဖြစ်ချင်တာကိုသာ တဇွတ်ထိုး တဇောက်ကန်းစိတ်ဓာတ်နဲ့ ရှေတန်းတင် ဦးစားပေးပြီး တပ်မတော်ကို ခုတုံးလုပ်ကာ အာဏာသိမ်းပိုက်တဲ့နည်းနဲ့ မိုက်မိုက်ကန်းကန်းလုပ်ဆောင်မှုဟာ အဖက်ဖက်က ခေတ် နောက်ကျနေတဲ့ တိုင်းပြည်နဲ့လူထုကို ပိုမိုမှောင်မဲ နောက်ကျိနေတဲ့ ဒုက္ခပင်လယ်ထဲ ဆွဲချပစ်လိုက်တဲ့ မင်းအောင်လှိုင် တို့ စစ်အုပ်စုရဲ့လုပ်ရပ်ပဲ မဟုတ်ပါလား။

(၁-၂-၂၀၂၁) ရက်နေ့ကစပြီး ဒီနေ့မျက်မှောက်ကာလအထိ မင်းအောင်လှိုင်တို့ စစ်အုပ်စုလုပ်ခဲ့သမျှဟာ ဒီမိုက ရေစီနဲ့ လုံးလုံးလျားလျား သွေဖည်နေပြီး မှန်ကန်တဲ့လုပ်ငန်းစဉ် မဟုတ်ဘူးဆိုတာကို အလေးအနက် သတိပြုရမှာဖြစ် ပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်ပြီး လှည့်ဖြားတာနဲ့ လှည့်ဖြားပြီး အကြမ်းဖက်တာပဲ၊ ဒီအချက်ကိုမြင်ပြီး ဒီအချက်ကို မပျက်မကွက် ထောက်ပြပြောဆို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ကြမှာပါ။ NCA (၁၀) နှစ်ပြည့် စင်မြင့်ပေါ်ကနေ မင်းအောင်လှိုင်ပြောခဲ့တာတွေဟာ ဗြောင်ကျတဲ့ လိမ်ညာလှည့်ဖြားမှုတွေပါ။

နိဂုံးချုပ်အနေနဲ့ “ဆည်းဆာချိန်မှာ” ရောက်ရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးအသီးသီး၊ အဖွဲ့အစည်း အသီးသီး က လူကြီးသူမများကို အနူးအညွတ် ပန်ကြားလိုတာကတော့
– မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်အရဖြစ်စေ၊ တစ်စုံတစ်ယောက်က၊ အဖွဲ့အစည်းတစ်ခုခုက တိုက်တွန်း ပန်ကြားဖိတ်ခေါ်လို့ ပဲဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ငြင်းပယ်ခြင်းငှာ မစွမ်းသာတဲ့အခါမျိုးမှာပဲဖြစ်စေ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ယဉ်ကျေးမှု စင်မြင့်တစ်ခုခုပေါ်ကနေ ပြုမူပြောဆို ဆောင်ရွက်ကြရတဲ့အခါမှာ ပထမအချက်အနေနဲ့ မိမိတစ်ဦးချင်းဖြတ်သန်းမှု၊ မိမိပါဝင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အဖွဲ့အစည်း၊ လူမျိုးရဲ့ဂုဏ်သိက္ခာ၊ အစဉ်အလာနဲ့ သမိုင်းကြောင်းကို မိမိတစ်ဦးချင်းက လေးလေးစားစား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့၊ သစ္စာရှိဖို့ တာဝန်ရှိပါ တယ်။

– ဒုတိယအချက်အနေနဲ့ အတိတ်သမိုင်းဖြတ်သန်းမှုနဲ့ မျက်မှောက်လက်တွေ့ဖြတ်သန်းမှုတွေထဲမှာ ဖိနှိပ်အနိုင်ကျင့် စော်ကားမှုများကို ရင်ဆိုင်ခံစားခဲ့ကြရတဲ့၊ ခံစားနေကြရဆဲဖြစ်တဲ့ တိုင်းရင်းသားပြည်သူများရဲ့ အသက်အိုးအိမ် ဆုံးရှုံး နစ်နာရမှုများဘက်ကနေ အခိုင်အမာရပ်တည်ပြီး မပျက်မကွက် လေးနက်တည်ကြည်စွာ အရေးဆိုဖို့လည်း တစ်ဦး ချင်းမှာ ကိုယ်စီတာဝန်ရှိနေပါတယ်။

– အထက်မှာဖော်ပြခဲ့တဲ့ တာဝန် ၂ရပ်ကို လေးနက်တည်ကြည်စွာ ထမ်းဆောင်သွားတဲ့ မည်သည့်တိုင်းရင်းသားလူမျိုးက တစ်ဦးချင်းလူပုဂ္ဂိုလ်ရဲ့ဘဝဟာ အနေမှန်ပြီး အသေဖြောင့်တဲ့ သမိုင်းကောင်း ဂုဏ်သိက္ခာကို ထိုက်တန်စွာ ရရှိစေပါ လိမ့်မယ်။

– ဒီလိုမှ မဟုတ်ဘဲ အဆိုပါ တာဝန် ၂ရပ်ကို လျစ်လျူရှုမယ်၊ ပျက်ကွက်မယ်ဆိုရင်တော့ နောက်လာနောက်သား မျိုးဆက်သစ်များရဲ့ ကန့်ကွက်ဝေဖန် ပြစ်တင်ရှုံ့ချမှုများကို ဘယ်သူမှ၊ ဘယ်လိုမှ ရှောင်လွှဲနိုင်လိမ့်မယ် မဟုတ်ပါဘူး။

– သို့ပါ၍ “ဆည်းဆာချိန်မှာ” ရောက်ရှိနေကြပြီဖြစ်တဲ့ ကရင်လူကြီးသူမများသာ မကပါဘူး။ တိုင်းရင်းသား လူမျိုးအ သီးသီးက လူကြီးသူမများအနေဖြင့် မိမိအသက်အရွယ်နဲ့ ကျန်းမာရေးက ခွင့်ပြုတဲ့ အတိုင်းအတာအတွင်းကနေ တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက်၊ တိုင်းရင်းသားအားလုံးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ သွေးစည်း ညီညွတ်ရေးအတွက် တိုင်းပြည်နဲ့ပြည်သူ့အကျိုးကို ဖြောင့်မတ်တည်ကြည်စွာ မျက်နှာမူတဲ့၊ သန့်ရှင်းပြီးသိက္ခာရှိတဲ့ ဆင်ခြင်ဉာဏ်အသိတရားနဲ့ သတိထားပြီး စွမ်းဆောင်ပေးကြပါလို့ တင်ပြလိုက်ပါတယ်။