စက်တင်ဘာ ၅ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အောင်မြင်ကျော်ကြားပြီး တေးပရိတ်သတ်ကြိုက် သီးချင်းများ ရေးသားဖန်တီးခဲ့သူ သီးချင်းရေးဆရာ စောသောမတ်စ်သည် လူကြီးရောဂါဖြင့် အင်းစိန်မြို့နယ်ရှိ ၎င်း၏ နေအိမ်၌ စက်တင်ဘာ ၄ ရက်နေ့ ည ၁၁ နာရီကျော်ချိန်တွင် ပို ကွယ်လွန်သွားသည်ဟု မိသားစုနှင့် အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။
၎င်းကွယ်လွန်သွားသည့် အကြောင်းကို သမီးကြီးဖြစ်သူ တေးသံရှင် အကြင်နာသောမတ်စ်က သူမ၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာ၌ ကွယ်လွန်ပြီးနောက် ပရိတ်သတ်များသို့ အသိပေးတင်ပြခဲ့သည်။ ဆရာသောမာတ်စ် ခရစ်တော်၌ အိပ်ပျော်ခြင်း (ကွယ်လွန်ချိန်) တွင် အသက် (၇၄)နှစ်ရှိပြီး ဖြစ်သည်ဟု မိသားစုထံမှ သိရသည်။
ဆရာစောသောမတ်စ်သည် အဆိုတော်လေးဖြူသီဆိုသည် “ဒီရေဒီလှေ”၊ အဆိုတော် ထွဏ်းထွဏ်း သီဆိုသည့် “ကောင်းကင်ကလူ” အဆိုတော် အေးချမ်းမေသီဆိုသည့် “တံခါးလေး စေ့ရုံဘဲလား” စသည့်တို့ အပြင် ကောင်မြင် ကျော်ကြား သီးချင်းများစွာကို ရေးသားခဲ့သူဖြစ်သည်ဟု အနုပညာရှင်အသိုင်းအဝိုင်းက အသီးသီး ပြောဆိုသည်။

ထို့အပြင် ခရစ်ယာန် ခေတ်ပေါ်ဓမ္မတေးသီးချင်းများစွာကိုလည်း ရေးသားခဲ့ပြီး “နောင်တမျက်ရည်” ၊ “ကျေးဇူးတော် တဲနန်း” ၊ “လောကဧည့်သည်” ၊” အိပ်မက်လေးများအကြောင်း” ၊”ဘယ်သူ့အတွက်လဲ” စသည့် သီချင်းများမှာ ဆယ်စုနှစ်ချီ ပရိတ်သတ်များ ကြိုက်နှစ်သက်သီဆို နေဆဲဖြစ်သည်ဟု ခရစ်ယာန် အနုပညာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
တေးရေးဆရာ စောသောမတ်စ်ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်း ဘုရားကျောင်း၌ ထားရှိပြီး ခရစ်ယာန် ဘာသာဝင်တို့၏ နားရေး ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့ညပိုင်းတွင်ပြုလုပ်သွားမည်ဟု သိရသည်။ ၎င်း၏ဈပန အခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့တွင် အင်းစိန်ကျမ်းစာကျောင်းဝန်းရှိ ကိုသာဖြူခန်းမ၌ ဝတ်ပြုကိုးကွယ် ပြီး ထိန်ပင်သုဿာန်၌ မြေသို့အပ်နှံခြင်း အစီအစဥ် ပြုလုပ်မည်ဖြစ်သည်ဟု ၎င်း၏မိတ်ဆွေအသိုင်းအဝိုင်းက ပြောဆိုသည်။



















