Home သတင်း အာရှလမ်းသစ် ထိုးစစ်တွင် စစ်တပ်က တပ်သားများ မူးယစ်ဆေးသုံးပြီး အကာကွယ်မဲ့ တိုက်ခိုက်လာ

အာရှလမ်းသစ် ထိုးစစ်တွင် စစ်တပ်က တပ်သားများ မူးယစ်ဆေးသုံးပြီး အကာကွယ်မဲ့ တိုက်ခိုက်လာ

623
Photo: Crd. (ပုံဟောင်း)

စက်တင်ဘာ ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရေးအတွက် အရှိန်မြင့် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်အုပ်စုစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များသည် စိတ်ကြွမူးယစ်ဆေးသုံးစွဲထားသည့် လက္ခဏာများဖြင့် အကာကွယ်မဲ့ စစ်ကြောင်းထိုး နေသည့် အနေထားကို တွေ့မြင်ရသည်ဟု ရှေ့တန်းရှိ မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

မြဝတီအာရှလမ်းမနှင့် ကော့ကရိတ်၊ ကျုံဒိုးမြို့ ထိန်းချုပ်နိုင်ရန်အတွက် စစ်အုပ်စုဘက်မှ စစ်ရေးအရှိန်မြင့် ထိုးစစ်ဆင် လာသည့်စစ်ကြောင်းထဲရှိ တပ်ဖွဲ့ဝင်များသည် အသိစိတ်ကင်းမဲ့သည့် ပုံစံမျိုးဖြစ်ပြီး အကာအကွယ် မယူဘဲ ပေါ်ပေါ်ထင်ထင် တက်ကြွစွာ တိုက်ခိုက်နေပြီး ရေနစ်သေဆုံးသူများလည်းရှိကိုတွေ့ရှိရသည်ဟု မြေပြင် သတင်းအရင်းမြစ်က ပြောသည်။

“တိုက်ပွဲမှာ သူတို့စစ်တပ်က ဘာအကာကွယ်မှမယူဘဲ ဒီတိုင်းဘဲပစ်တက်လာတယ်။ ရေနစ်တယ်၊ နွံနစ်ပြီး လယ်ကွက် ရေမြောင်းတွေထဲ ကျည်ထိပြီးသေတာ၊ ရေနစ်သေတာတွေတွေ့နေရတယ်။ စိတ်ကြွဆေးတွေ သုံးထားတဲ့ ပုံစံမျိုးဖြစ်တယ်။ အကြောက်အလန့်ဖြစ်ပြီး အကာအကွယ်ယူ တိုက်တာမျိုးမဟုတ်ဘူး၊ လယ်ကွင်း ပြောင်ကြီးကို ပစ်ပြီးတက်လာတာမျိုးဆိုတော့ ပစ်ချရတာဘဲလေး” ဟု မျက်မြင်တွေ့ရှိသည့် ရှေ့တန်း စစ်ရေး သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စု၏ စစ်ရေးအရှိန်မြှင့်ထိုးစစ်ဆင်လာသည့် လမ်းကြောင်းသည် ကျုံဒိုးမြို- အင်းကြီး-ကျုံဘိုင်း ကျေးရွာ လမ်းပိုင်း၊ ကော့ကရိတ်-လှိုင်စိမ်း-မိချောင်းအင်းလမ်းပိုင်း၊ အာရှလမ်း ကော့နွဲ-တတန်ကူးလမ်းပိုင်းနှင့် သင်္ဃန်း ညီနောင်-ကွင်းကလေး လမ်းပိုင်းတို့ဖြစ်ကာ နေ့စဉ်တိုက်ပွဲပြင်းထန်လာသည်ဟု သိရသည်။

အဆိုပါစစ်အုပ်စု၏ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဖြတ်တောက်ခြေမှုန်းတိုက်ခိုက်ရာ စစ်ကြောင်းပျက်သည့် အထိဖြစ်ပြီး အကျအဆုံး များကာ နေ့စဉ် တပ်ပြန်လန်ကျမှုရှိနေကြောင်းလည်း သိရသည်။

မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “ပြောရမယ်ဆိုရင် နေ့တိုင်းမနက်တိုင်း စစ်ကြောင်းထိုးတယ်။ ပစ်ချ လိုက်ရင် ကျကုန်ပြီး နေ့လည်လောက်ဆို သူတို့စစ်တပ်တွေ တပ်လန့်ကုန်ပြီးပြန်ဆုတ်သွားရတယ်။ လက်နက် ကြီးကတော်တော်ပစ်တယ် မြေပြင်မှာတော့ တက်မနိုင်ဘူး “ဟုကေအိုင်စီသို့ပြောသည်။

စက်တင်ဘာလ ၁ရက်နေ့မှစ၍ ယခု ၅ရက်နေ့အထိ ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်း၊ သင်္ကန်းညီနောင် စသည့် စစ်မျက်နှာ ၄ ခုကို စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၁၂) မှစစ်ဆင်ရေး ဒုတိုင်းမှူး၊ စစ်ဒေသမှူး၊ ဗျူဟာမှူး စစ်ကြောင်းမှူးများကိုယ်တိုင်ဦးစီးကွပ်ကဲကြောင်းသိရသည်။

ထို့အပြင် မြေပြင်စစ်ကြောင်းထိုးသည့်အပြင် Y-12 ဗုံးကြဲလေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး၊ မစ်ဇိုင်းဒုံးများနှင့်လည်း စစ်အုပ်စုဘက်မှ အဆမတန် စစ်ကူပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။