PDF အထူးတိုင်း စစ်ဌာန ဗျူဟာ-၃၃ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကိုနှင့် မေးမြန်းခြင်း
“အမှတ်-၈ ပြည်ထောင်စု လမ်းပိုင်းကို ပြန်စိုးမိုးဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေတယ်” (PDF) အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကို
စက်တင်ဘာ ၁၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်တောင်းပိုင်းဒေသတွင် အဓိက အဝေးပြေးလမ်းမကြီး တစ်ခုဖြစ်သည့် မော်လမြိုင်-ထားဝယ် လမ်းပိုင်း၊ ရေးမြို့နယ်တွင် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးကို ပြန်စိုးမိုးနိုင်ရေး အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးလာမှု အခြေအနေ၊ ထိုလမ်းမကြီးပေါ် နေရာတချို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်၊ စစ်ရေး လှုပ်ရှားနေမှု အခြေအနေ၊ စစ်ရေးရည်မှန်းချက်၊ ပြည်သူများသို့ အသိပေးလိုသည့် အချက်များနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၃)စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကို ကို ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ အခုလက်ရှိ ရေးကိုဖြတ်သွားတဲ့ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းချုပ်ထား တာမျိုးတွေ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ကတော့ အခု ဒီဘက် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးကို မဟာမိတ် တပ်ပေါင်းစု တွေဖြစ်တဲ့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)၊ တပ်ရင်း (၂၇)၊ မွန်ပြည်သစ်ပါတီ (AD)၊ နောက် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ထားဝယ်တပ်ပေါင်းစုအဖွဲ့တွေနဲ့ ကျနော်တို့တွေ ပေါင်းစည်းပြီး ထိန်း ချိုပ်ထားတာ တွေရှိတယ်လို့ ပြောလိုပါတယ်။
မေး။ ။ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ ဘယ်အဖွဲ့အစည်းတွေနဲ့ အဓိကပူးပေါင်းပြီးတော့ စစ်ရေးဖော် ဆောင်နေတာမျိုးတွေ ရှိလဲ။ ပူးပေါင်းလုပ်ဆောင်တဲ့ နေရာမှာရော ဘာလိုအပ်ချက်တွေ ရှိလဲ။
ဖြေ။ ။ အဓိက ဒီဘက်တွေမှာ စစ်ရေးပူးပေါင်း လုပ်ဆောင်နေတာတွေကတော့ ကေအဲန်ယူ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄) တပ်ရင်း (၁၀)ရှိမယ်ပြီးတော့ တပ်မဟာ(၄)တပ်ရင်း(၁၀)ရှိမယ်။ ပြီးတော့ မွန်အဖွဲ့ တွေရှိပါမယ်။ နောက်ထားဝယ်ဒေသခံတပ်တွေ ရှိမယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေ ရှိမှာပေါ့ နော်။ အဲ့လိုမျိုး ပေါင်းစည်းပြီးတော့မှ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ ကျနော်တို့ ဆက်လက်လုပ်ဆောင် နေတာ ဖြစ်ပါတယ်လို့ ပြောချင်တယ်။
မေး။ ။ အခု မွန်ပြည်တော်လှန်ရေးတပ်-MSRF နဲ့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရတယ်။ ဖွဲ့စည်းဖြစ် ခဲ့တဲ့ အကြောင်းကိုလည်း အကျဉ်းချုပ်ပြောပြပေးပါအုံး။
ဖြေ။ ။ အဓိက ကတော့ ကျနော်တို့မွန်ပြည်တော်လှန်ရေးတပ်-MSRFနဲ့ က ၂၀၂၃ ခုနှစ်ကတည်းကနေ ပူးတွဲပြီး တော့မှ မဟာမိတ်အနေနဲ့ ပူးပေါင်းလုပ်ဆောင် နေတာတွေ ရှိတယ်။ အခုလိုဖွဲ့စည်းလိုက်တာက ကျနော်တို့တွေ အနေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ညီကိုလိုအနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် အခုလိုညီနောင်အနေနဲ့ဖွဲ့စည်း ဆက်လက် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အခုလည်းကျနော်တို့ ပေါင်းစည်းပြီး တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါ တယ်။
မေး။ ။ ဆရာတို့ရဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ စစ်ရေးမျှော်မှန်းချက်က ဘာတွေဖြစ်မလဲ ပြောလို့ရသလောက် ပြောပေးပါအုံး။
ဖြေ။ ။ ကျနော်တို့အနေနဲ့ စစ်ရေးရည်မှန်းချက်ကတော့ အမှတ်(၈)ပြည်ထောင်စုလမ်းစိုးမိုးနိုင်ရေးနဲ့ စစ်ကောင်စီ ရဲ့ အဓိက ထောက်တိုင် စီးပွားရေး အားလုံးတွေကို ထိန်းချုပ်ဖို့အတွက် ကျနော်တို့ ရည်ရွယ်ထားတယ်။
နောက်ပြီးတော့ ကျနော်တို့အနေနဲ့ ကတော့ ဒီမှာလုပ်ဆောင်နေတယ်ဆိုတာဟာ ကျနော်တို့ အဖွဲ့တွေတိုးပွားဖို့ အတွက် လုပ်နေတာမဟုတ်ဘဲ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲ့အတွက် အခုလို မဟာမိတ်တပ်တွေပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့ အောင်မြင်မှုတွေ ဒီထက် ပိုပြီးတော့ စည်းလုံးမှုတွေ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။
မေး။ ။ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လာမယ့် အလားအလာ ရှိလား။ လက်ရှိမှာရော စစ်ရေးအခြေအနေ တင်းမာမှုတွေ ရှိလား။
ဖြေ။ ။ အခုလက်ရှိကတော့ စစ်ကောင်စီတပ်က အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီက ပြန်ပြီး တော့ စိုးမိုးမှုတွေ ပြန်လည်လုပ်ခြင်တဲ့အတွက်ကြောင့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ အဓိက ကတော့ တပ်ရင်းအားလုံး တပ်ရင်း(၇)ရင်းလုံး ပေါင်းစည်းပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
အဓိကကတော့ ကလိန်အောင်မြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၄၀၈၊ ၄၀၇၊ ၄၀၉၊ ၄၁၀) တပ်ရင်း၊ ခြေလျင်တပ်ရင်း (ခလရ-၂၈၂)တပ်ရင်းရယ်၊ ကံပေါက်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၇၃) တပ်ရင်း၊ ရေဖြူမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၄၀၇)တပ်ရင်း၊ မောရဝတီ ရေတပ်၊ ပေါင်းစည်းပြီး စစ်ကြောင်းထိုး လာတာဖြစ်ပါတယ်။ အခုလက်ရှိအခြေနေမှာ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းမှာက ၂ လနီးပါး လောက်ရှိပြီး စစ်ရေးတင်းမာမှုတွေ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူကို ဘာတွေအသိပေးချင်တာမျိုးရှိလဲ ။
ဖြေ။ ။ ပြည်သူတွေကို သတိပေးချင်တာကတော့ ကျနော်တို့တော်လှန်ရေးတပ်တွေက ကျနော်တို့တွေရဲ့ ကြေငြာ စာပဲဖြစ်ဖြစ်၊ သတိပေးတာပဲဖြစ်ဖြစ် အားလုံးကို ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ် တယ်။ အခုချိန်မှာ စစ်ပွဲတွေဖြစ်နေတော့ ခရီးသွားပြည်သူတွေ ထိခိုက်မှု များလာတာတွေကို အများကြီးတွေ့ရ တယ်။
တဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူတွေရဲ့ကားတွေကို တိုက်ပွဲကြားတွေထဲကို လူသား ဒိုင်းကာ အဖြစ်နဲ့ ခေါ်ဆောင်နေတာတွေကို တွေ့ရတယ်။ ကျနော်တို့ ပြည်သူတွေ အနေနဲ့ကလည်းပဲ သွားလာတဲ့ နေရာမှာ သတိထားဖို့နဲ့ တော်လှန်ရေးတပ်တွေရဲ့ သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ပေးဖို့ ပြောချင်ပါ တယ်။



















