Home သတင်း တရုတ် နည်းပညာအကူအညီဖြင့် မြန်မာပြည်သူသန်း ၃၀ ကျော်ကို စစ်အုပ်စု စောင့်ကြည့်နေ

တရုတ် နည်းပညာအကူအညီဖြင့် မြန်မာပြည်သူသန်း ၃၀ ကျော်ကို စစ်အုပ်စု စောင့်ကြည့်နေ

1011
Photo- JFM

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တရုတ်နည်းပညာကုမ္ပဏီ Geedge Networks မှဝယ်ယူထားသည့် နည်းပညာဖြင့် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း (၁၃) ခုမှတဆင့် ၃၃.၄ သန်းသော ပြည်သူများ၏ အွန်လိုင်း အသုံးပြုမှုနှင့်တည်နေရာများကို စစ်အုပ်စုက ခြေရာခံစောင့်ကြည့်နေကြောင်း Justice For Myanmar-JFM ပါဝင်သည့် မီဒီယာနှင့်အစိုးရမဟုတ်သောအဖွဲ့များ၏ အစီရင်ခံစာမှ သိရသည်။

စက်တင်ဘာလ (၉)ရက်နေ့က ထုတ်ပြန်ထားသည့် အဆိုပါအစီရင်ခံစာတွင် တရုတ်အစိုးရနှင့်ဆက်ဆံရေး နီးကပ်သည့် တရုတ်ကုမ္ပဏီ Geedge Networks ထံမှ အင်တာနက်သုံးစွဲမှုနှင့်ဖုန်းတာဝါတိုင်များမှတဆင့် အသုံး ပြုသူ၏တည်နေရာကို ခြေရာခံပေးနိုင်သည့် ဟာ့ဒ်ဝဲလ်၊ ဆော့ဖ်ဝဲလ် နည်းပညာများကို စစ်အုပ်စုက ဝယ်ယူအသုံးချနေသည်ဟု ဆိုသည်။

ထိုနည်းပညာများကိုအသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးဈေးကွက်၌ သုံးစွဲသူအခိုင်အမာရှိသော MPT၊ ATOM (Telenor)၊ Ooredoo၊ Mytel အပါအဝင် Frontiir ၊ StreamNet ၊ Golden TMH Telecom၊ IM-Net၊ MBT၊ MTN၊ Campana၊ Global Technology Group နှင့် China Unicom လုပ်ငန်းများက အကူအညီပေးနေကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း ဖေ့ဘွတ်ခ်အသုံးပြုမှုကို ထိန်းချုပ်ခြင်းအပြင် Virtual Private Network (VPN) သုံးစွဲမှု ပိတ်ပင်ခြင်းတို့ကို စစ်အုပ်စုက လုပ်ဆောင်နေသည်။ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု၊ ရာဇဝတ်မှုများကိုလည်း ထိန်းချုပ်ရန်ဆိုကာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုး ပြဌာန်းထားသည်။

ထိုဥပဒေအပေါ် အွန်လိုင်းရာဇဝတ်မှုထက် စစ်အုပ်စုက နိုင်ငံသားများ၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုထိန်းချုပ်ရန် ဖြစ်ကြောင်း အွန်လိုင်းသုံးစွဲသူနှင့်လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။ ဥပဒေထွက်ရှိလာပြီး နောက်တွင်လည်း ဖမ်းဆီးအရေးယူမှုများ နိုင်ငံနှင့်အဝှမ်း အထူးသဖြင့် မြို့ကြီးများ၌ စစ်အုပ်စုကလုပ်ဆောင်နေသည်။

Photo- JFM

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်အုပ်စု၏ ဝါဒဖြန့် လူမှုကွန်ရက်များမှတဆင့် နိုင်ငံရေးနှင့် ဆက်စပ်မှုရှိသူများကို စောင့်ကြည့်မှုပိုတိုးမြှင့်လုပ်ဆောင်နေပြီး အင်တာနက်သုံးစွဲသူ၏ အလုပ်အကိုင်ကနေ နေရပ်အထိ ဖော်ထုတ်ဖမ်းဆီးမှုများရှိကြောင်း စစ်တပ်ထောက်ခံသော အွန်လိုင်းသုံးစွဲသူအသိုင်းအဝိုင်းမှ သိရသည်။

မြန်မာပြည်သူ သန်း ၃၀ ကျော်၏ တည်နေရာ၊ အချက်အလက်များကို ခြေရာခံစောင့်ကြည့်နေသည့် တရုတ်ကုမ္ပဏီအပါအဝင် စစ်အုပ်စု၏ ရာဇဝတ်မှုများအတွက် သွယ်ဝိုက်ပံ့ပိုးပေးနေသည့် ထောက်လှမ်းရေးလုပ်ငန်းနှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့အစည်းများအား ကုလသမဂ္ဂနှင့်နိုင်ငံတကာမှ စုံစမ်းအရေးယူရန် JFM က တိုက်တွန်းထားသည်။

ထိုလုပ်ငန်းအဖွဲ့များ၏ စီးပွားမိတ်ဖက်များအနေဖြင့်လည်း စစ်အုပ်စု၏ထောက်လှမ်းရေး ယန္တရားရပ်တန့်ရေး တွန်းအားပေးသင့်သလို ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းသင့်သည်ဟု အစီရင်ခံစာတွင် ထောက်ပြသည်။

အမေရိကန်အခြေစိုက် သတင်းလွတ်လပ်ခွင့်အဖွဲ့မှ နိုင်ငံပေါင်း ၇၂ နိုင်ငံအား စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံသည် အင်တာနက်သုံးစွဲမှုလွတ်လပ်ခွင့်တွင် အဆိုးရွားဆုံးနိုင်ငံစာရင်း၌ ပါဝင်သည်။