စက်တင်ဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ/မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၉၃) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်မှ (၉) ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ (၂) ရက်၊ ယနေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ မူတြော်ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။
သြဂုတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲပေါင်း (၉၃) ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းငယ်သာ ဒဏ်ရာရရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ အဆောက်အဦ (၁) လုံးကို KNLA တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်က ဆိုထားသည်။
ဆက်လက်၍ ယခု သြဂုတ်လအတွင်း အရပ်သားပြည်သူများ နေထိုင်ရာနေရာသို့ လက်နက်ကြီး (၂) ကြိမ်နှင့် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။
ကေအဲန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်သည် ကေအဲန်ယူ၏ တပ်မဟာ (၇) ခုအနက် စစ်ကောင်စီနှင့် တိုက်ပွဲအများအပြား ဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုအများဆုံး ခံနေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ လဝက်အတွင်း မူတြော်ခရိုင်တွင် စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း အကြိမ်ရေ (၃၅) ကျော် ဖြစ်ပွားသည့်အနက် စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် (၁၁) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု ကေအဲန်ယူ တပ်မဟာ (၅) က ထုတ်ပြန်ချက် ထားသည်။
၎င်းအပြင် အာဏာသိမ်းစစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် လက်နက်ကြီး (၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။



















