Home သတင်း သာယာဝတီအကျဉ်းထောင်တွင် ဖျားနာမှုနှင့် ကူးစက်ရောဂါများ ဆိုးရွားစွာ ဖြစ်ပွား

သာယာဝတီအကျဉ်းထောင်တွင် ဖျားနာမှုနှင့် ကူးစက်ရောဂါများ ဆိုးရွားစွာ ဖြစ်ပွား

518
Photo: AAPP

စက်တင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်၌ လူဦးရေများပြားလာခြင်းကြောင့် ဖျားနာမှုနှင့် အရေပြား ကူးစက်ရောဂါကဲ့သို့ ကျန်းမာရေး ပြဿနာများ ဆိုးရွားစွာ ဖြစ်ပွားနေသည်ဟု နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP)က ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း အခြားအကျဉ်းထောင်များမှ အကျဉ်းသားများ အစုအပြုံလိုက် ထောင်ပြောင်းရွှေ့ ပို့ဆောင်ခြင်းကြောင့် ထောင်တွင်း လူဦးရေတိုးလာ၍ နေရာထိုင်ခင်း ကြပ်တည်းသွားသည့်အပြင် သုံးရေပြတ်လပ်မှု၊ လျှပ်စစ်မီးမရမှုတို့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှု ကောင်းစွာ မရရှိသဖြင့် အရေပြားရောဂါများနှင့် ဖျားနာမှုများလည်း ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။

WOPP ၏ တာဝန်ရှိသူ မဇူးဇူးမေယွန်းက “ အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်းမှာ ထောင် အသီးသီးမှာရှိတဲ့ အကျဥ်းသူ/သားတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ထောင့်ခံနိုင်ပေမယ့် လက်ရှိမှာ ကျန်းမာ ရေးအရ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အနေအထားပါ။ ‌ကျမတို့အနေနဲ့ နိုင်တဲ့ဘက်ကနေ စားဝတ်နေ ရေးအတွက် ဆေးဝါး ရိက္ခာတွေ ထောင်တိုင်းကို ပို့နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ သာယာဝတီအကျဉ်းထောင်အတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိသည့် အပြင် မိသားစုဝင်ထံမှ ဆေးဝါးပို့ဆောင်ပေးခွင့် ကန့်သတ်ထားကြောင်း၊ မိုးရာသီကာလတွင် အကျဉ်းသားအများစုမှာ အရေပြားရောဂါဖြစ်ပွားမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း WOPP ကဆိုသည်။

ယခုလို အကျဥ်းထောင် အာဏာပိုင်များ၏ တာဝန်ယူမှုမရှိသောလုပ်ရပ်များနှင့် တရားဥပဒေမဲ့စွာ ကျင့်သုံးနေသည့် အခြေအနေများ၊ အခြေခံလူ့အခွင့်အရေးချိုးဖောက်နေမှုများသည် မြန်မာ နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် တခြားအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီးများအကြား စကားအခြေအတင် ဖြစ်နေသည်ဟုဆိုသော အကြောင်းပြချက်ဖြင့် ထောင်ဝန်ထမ်းအမျိုးသားအချို့က အမျိုးသမီး ဆောင်အတွင်းသို့ ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသူများအား ရိုက်နှက်မှု ကျူးလွန်ခဲ့ကြောင်း WOPP က ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျဥ်းသူအဖွဲ့(WOPP) မှ နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း၌ နိုင်ငံတစ်ဝှမ်းတွင် ပြည်သူ (၂၉,၆၄၁) ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။