Home သတင်း ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်အတွင်း စစ်အုပ်စု နယ်မြေစိုးမိုးမှု လျော့နည်းလာဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်အတွင်း စစ်အုပ်စု နယ်မြေစိုးမိုးမှု လျော့နည်းလာဟု NUG ထုတ်ပြန်

682

စက်တင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ နယ်မြေစိုးမိုးမှုသည် တဖြည်းဖြည်း လျော့နည်းလာပြီး နိုင်ငံတဝှမ်းရှိ မြို့နယ် စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းခန့်သာ စစ်အုပ်စုက လက်နက်ဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အစီရင်ခံစာအရ ၂၀၂၄ နှစ်ကုန်အထိ တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစ ဌာနချုပ် ၁ ခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူ ဟာ အခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တန်းစခန်း ၅၄ ခုနှင့် နယ်ခြားစောင့်စခန်း ၁၇ ခု စုစုပေါင်း ၁၇၃ ခုကို လက်လွှတ်ထားရပြီး ယခု နှစ်အတွင်း နောက်တန်း တပ်ရင်းဌာနချုပ် ၁၀ ခုကို ထပ်မံ လက်လွှတ်ခဲ့ရသည်ဟု ဆိုသည်။

နိုင်ငံတဝှမ်းလုံးရှိ မြို့နယ် စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းကို မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကအပြည့်အဝ စိုးမိုး ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းကို ဝိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားကာ ၂၁ ရာခိုင်နှုန်းမှာတော့ တော်လှန်စစ်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

၎င်းအပြင် စစ်အုပ်စုသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်များနှင့် ဆက်နွယ်သော ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မယ်စဲ့၊ မောတောင်၊ မောင်တော၊ ရိဒ်ခေါဒါရ်တို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့များကိုလည်း လက်လွှတ်ထားရပြီး၊ အိန္ဒိယနယ်စပ်ရှိ တမူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်ကြီးများ၏ အရေးပါသည့် နယ်မြေများကိုလည်း စစ်အုပ်စုတိုက်ပွဲများမှ ကာကွယ်နိုင်ခဲ့ကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းအပြင် စစ်အုပ်စု၏ ထောက်ပို့စစ်ရေယာဉ်များကို နှစ်စဉ်ပစ်ခတ်နှစ်မြှုပ် ဖျက်ဆီးနိုင်ခဲ့ပြီး တရုတ်နယ်စပ်မှ အနောက်ဘက် အိန္ဒိယ နယ်စပ်အထိ သွားလာနိုင်သော မဟာဗျူဟာလမ်းကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ဟု ဆိုသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်တာကာလအတွင်း စစ်အုပ်စု၏ လေယာဉ်မျိုးစုံ ၂၀ စီး ပျက်စီးခဲ့ရပြီး စစ်သား၊ ရဲ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ သေဆုံးမှု ၆၀,၀၀၀ ကျော်၊ ထိခိုက်ဒဏ်ရာ ရရှိမှု ၂၆,၀၀၀ ကျော် ရှိခဲ့ကြောင်း NUG ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ယခုအချိန်တွင် ပြုန်းတီးခဲ့သော စစ်သည်အင်အား (၈၀၀၀၀) ‌ကျော်နေရာအတွက် အဓမ္မ တပ်သားစုဆောင်းမှုမှ ရရှိသည့် အင်အားများဖြင့် ၎င်းတို့၏ အင်အားချိနဲ့နေသော တပ်ရင်းတပ်ဖွဲ့များကို ပြန်လည်ဖြည့်တင်းလျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။