Home သတင်း လိင်အကြမ်းဖက်မှုနှင့် ဂျဲန်ဒါ ခွဲခြားမှုပပျောက်ရေး ဂျီနီဗာကောကို ကေအဲန်ယူ စတင်ကျင့်သုံး

လိင်အကြမ်းဖက်မှုနှင့် ဂျဲန်ဒါ ခွဲခြားမှုပပျောက်ရေး ဂျီနီဗာကောကို ကေအဲန်ယူ စတင်ကျင့်သုံး

608

စက်တင်ဘာ ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကတိပြု လက်မှတ်ထိုးထားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား၊ မ (ဂျဲန်ဒါ) ခွဲခြား ပပျောက်ရေးဆိုင်ရာ ကတိကဝတ်ပြု လက်မှတ်ထိုးထားသည့် ဂျီနီဗာကော စာချုပ်အတိုင်း စက်တင်ဘာ ၁ ရက်နေ့မှစ၍ လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်မည် ဟု ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

လိင်အကြမ်းဖက်မှုနှင့် ဂျဲန်ဒါ ခွဲခြားမှု ပပျောက်ရေး ဂျီနီဗာကောကို ကေအဲန်ယူက ၂၀၁၃ ခုနှစ်တွင် သဘောတူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး စတင်ကျင့်သုံးနေမှု အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ၌ သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေချိန် အရပ်သားပြည်သူများကို ကာကွယ်ရမည့် ကျင့်ဝတ်တစ်ခု ဖြစ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ချက်ကို ဂျီနီဗာကော စာချုပ်ပေါ်တွင်သာ လက်မှတ်ထိုးထားခြင်း မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်လိုက်နာ ကျင့်သုံးနေသည်ကို အများပြည်သူသိရန် ယခုလို သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ကျနော်တို့လက်မှတ်ထိုးထားတာက ၂ ခုရှိတယ်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာနဲ့ အမျိုးသမီးအကြမ်းဖက် မှု တားမြစ်ပိတ်ပင်တာ ပြီးရင် အမျိုးသမီးတွေကို မြှင့်တင်ပေးရမှာအဲဒါတွေရှိတယ်။ ကလေးသူငယ်အခွင့်အရေးက ကျနော်တို့ လုပ်ဆောင်ပေးခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးအတွက်က ကျနော်တို့လက်တွေ့ လုပ်ဆောင်တာတွေ သိပ့် မရှိဘူး၊ လုပ်တော့လုပ်တယ် ဒါပေမယ့် လက်တွေ့မဟုတ်ဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ကြောင့် အမျိုးသမီးများ ခေါင်းဆောင်မှု ကဏ္ဍတွင်ပါဝင်နိုင်ရေး ဂျီနီဗာကောကို လိုက်နာကျင့်သုံးရန် ယခုလို ထပ်မံ အသိပေးညွှန်ကြားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ လက်မှတ်ထိုးထားသည့် ဂျီနီဗာကော စာချုပ်၌ စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ် ထားသည်ကို လိုက်နာရမည်ဖြစ်ပြီး အကျဉ်းကျခံရသူများ၊ အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက် မှု အားလုံးကို ကာကွယ်ရမည့်ဖြစ်သည်။ ထို့အပြင် ပဋိပက္ခအတွင်း အသက်ရှင်ကျန်ရစ်သူများကိုလည်း ဆေးဝါး ကုသမှု၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ဥပဒေရေးရာ အကူအညီနှင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးရမည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူက ကတိပြုလက်မှတ်ထိုးထားသည့် ဂျီနီဗာကော်ကို ၎င်းတို့၏ ဌာနဆိုင်ရာအောက်ရှိ အရာထမ်း၊ အမှု ထမ်း၊ ဝန်ထမ်းအဆင့်ဆင့်၊ တပ်ပိုင်းဆိုင်ရာ တပ်မှူး၊ တပ်ဖွဲ့ဝင်အားလုံး သဘောပေါက် နားလည်နိုင်ရန် လေ့ကျင့် သင်ကြားမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် လိုက်နာဆောင်ရွက်မှုများကိုလည်း စောင့်ကြည့်ရေး လုပ်ဆောင်နေသည့် ဂျီနီ‌ဗာကော အဖွဲ့နှင့် အခြားလွတ်လပ်သည့် အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု ကေအဲန်ယူက ပြောဆိုသည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် သက်ရောက်မှုရှိသည့် ကလေးသူငယ်များကို ကာကွယ်ရန်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုတားမြစ်ခြင်း၊ လိင်ကွဲပြားမှုအပေါ် ဖိနှိပ်ဆက်ဆံမှုများကို အဆုံးသတ်ရန် အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဆွစ်ဇလန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂ၏ Geneva Call အဖွဲ့ချုပ်တို့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ဖားအံမြို့တွင် ကေအဲန်ယူက လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ကေအဲန်ယူက အဆိုပါ ဂျီနီဗာကောကို လက်မှတ်ထိုးခဲ့သည့် ရည်ရွယ်ချက်သည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှု ကျူးလွန်ခြင်းကို တားမြစ်ရန်နှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်ခြင်းဖြစ်သည်ဟု သိရသည်။