စက်တင်ဘာ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်နှင့် ကယန်းဒေသများတွင် အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်များက လူ့အခွင့်အရေးချိုး ဖောက်မှု များကြောင့် ယခုနှစ်၂၀၂၅ ခုနှစ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၀၆ ဦး သေဆုံးခဲ့သည်ဟု တိုးတက် သောကရင်နီပြည် အင်အားစု (PKPF)က ပြောဆိုသည်။
စစ်အုပ်စုက ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၃၂၀ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ကရင်နီ ဖားဆောင်း၊ ဒီးမော့ဆို၊ ဖရူဆိုဒေသများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၃၄ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ထို့အပြင် စက်တင်ဘာလ(၁)ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံလုပ်နေသည်ဟု ကရင်နီ စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“မနေ့က မနက် ၈ နာရီခွဲလောက်မှု Y12လေယာဉ်နဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ဗုံးလာကြဲသွားတယ်။ လောလောဆယ်သိရသလောက်တော့ ကလေးငယ်နဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက် ထိခိုက်သွားတယ်လို့ သိထားရပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင်ပြီးခဲ့သည့် ဩဂုတ်လတစ်လအတွင်း စစ်ကောင်စီတပ်မှ မော်ချီးဒေသကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲ တိုက်ခိုက်မှု များကြောင့် ဒေသခံပြည်သူ ၃၀ ဦး ထက်မနည်းသေဆုံးခဲ့ရပြီး နေအိမ်နှင့် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင်၊ လက်နက်ကြီးပစ်မှု၊ ဒရုန်းနှင့် ဗုံးကြဲမှုတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူနေအိမ် ၃၂၄ လုံး၊ ဆေးရုံ ဆေးခန်း ၃ ခု၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄ ခု ပျက်ဆီး ခဲ့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
လက်ရှိ စစ်တပ်က ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များသို့ တပ်အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများအပြင် ဒရူန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု စစ်ဘေးရှောင်ကူညီပေး နေသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။



















