Home သတင်း ကျောက်ကြီး-မုန်း လမ်းပိုင်းတိုက်ပွဲ စစ်တပ်ဒုရင်းမှူးအပါ ၆ ဦးသေပြီး လက်နက်များရရှိဟု KNU ထုတ်ပြန်

ကျောက်ကြီး-မုန်း လမ်းပိုင်းတိုက်ပွဲ စစ်တပ်ဒုရင်းမှူးအပါ ၆ ဦးသေပြီး လက်နက်များရရှိဟု KNU ထုတ်ပြန်

633

စက်တင်ဘာ ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)၊ ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီး-မုန်း လမ်းပိုင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်မှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးအပါ (၆)ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိသွားကာ လက်နက်များသိမ်းဆည်းရမိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

တပ်မဟာ (၃)ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်၊ ပဲခူးတိုင်း စစ်ဌာန လက်အောက်ရှိ တပ်ရင်းတို့က အဆိုပါ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ်ကို ကျောက်ကြီးမြို့နယ်၊ မျက်ရဲရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုလို တော်လှန်ရေးတပ်များ ဝိုင်းတိုက်ခိုက်မှုအပေါ် စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူပေး ခဲ့သော်လည်း ထိခိုက်သေဆုံးမှုများ၍ စစ်ကြောင်းပြန်ဆုတ်သွားသည်ဟု သိရသည်။

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို စစ်တပ်က ပြန်စိုးမိုးနိုင်ရေး နေ့စဉ်လက်နက်ကြီး ပစ်ကူဖြင့် မြေပြင် စစ်ကြောင်းထိုး နေသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် အာဏာသိမ်းတပ်က ကျောက်ကြီး-မုန်း ကားလမ်းတလျှောက် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အနီးရှိကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်များ လည်း မကြာခဏ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ထို့ကြောင့် ကျေးရွာများရှိ ဒေသခံများအနေဖြင့် နီးစပ်ရာနေများသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး မိုးရာသီ ဖြစ်၍ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။