Home သတင်း နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်ပါက နိုင်သည့်ဘက်မှ ကူညီမည်ဟု DKBA ပြော

နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်ပါက နိုင်သည့်ဘက်မှ ကူညီမည်ဟု DKBA ပြော

340
Photo: KIC

စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်များ ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းမှု တစ်ခုဖြစ်၍ ပြည်သူ့ ဆန္ဒနှင့်အညီ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်လာပါက နိုင်သည့်ဘက်မှ ကူညီ သွားမည်ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက စက်တင်ဘာ ၆ ရက်နေ့တွင် သတင်း မီဒီယာ တစ်ချို့နှင့် တွေ့ဆုံစဉ် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က ပြည်သူတွေရဲ့ဆန္ဒကို နားထောင်ပြီး သူတို့ရဲ့အခြေအနေအရ ပြည်သူတွေရဲ့ ကိုယ်စားလှယ်ရွေး ချယ် နိုင်ဖို့အတွက် ပြည်သူတွေကို ကူညီပေးသွားမဲ့ သဘောပါ။ ကျနော်တို့ သဘော ထားရပ်တည်ချက်နဲ့ ပတ် သက်ပြီး စာထုတ်တာမျိုးတော့ ထုတ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ နယ်မြေထဲမှာ ရွေးကောက်ပွဲ တကယ်လို့ ဖြစ်လာခဲ့ရင် တတ်နိုင်တဲ့ဘက်က ကြိုးစား ပံ့ပိုးကူညီ ပေးသွားမယ်” ဟု ၎င်းက ပြောသည်။

ဒေါနအရှေ့ခြမ်းရှိ DKBA ထိန်းချုပ်နယ်မြေအတွင်း လက်ရှိ တည်ငြိမ်မှု မရှိသေးခြင်းကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရန် အလားလာ ရှိမရှိ မပြောနိုင်သေးသလို အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆို လာခြင်းမရှိသေးဟု DKBA ထံမှ သိရသည်။

Photo: KIC

ထို့အပြင် စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက် သွား မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) က စက်တင်ဘာ ၃ ရက်နေ့တွင် သဘောထား ထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ရွေးကောက်ပွဲသည် လက်ရှိ ပဋိပက္ခအတွက် အဖြေမဟုတ်သလို စစ်အာဏာရှင်ကို အကျိုးပြုမည့် လူနှင့်ပါတီရွေးပွဲ ဖြစ်ကာ၊ ရလဒ်ကိုလည်း လိုသလိုပုံဖော်နိုင်သည့်အတွက် အများပြည်သူတို့ အကြမ်းမဖတ်နည်း ဖြင့် ဆန့်ကျင်ရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက ဩဂုတ်လ ကုန်ပိုင်းတွင် သဘောထားထုတ်ပြန် ပြောဆိုထားသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော်မရှင်ကလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကိုကျင်း ပသွားမည်ဟု ထုတ်ပြန်ထားပြီး ကရင်ပြည်နယ်အတွင်း သံတောင်ကြီး၊ မြဝတီနှင့် ဖားအံ မြို့နယ်တို့တွင် ပြလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။