Home သတင်း တော်လှန်ရေးတပ်များ သင်္ဃန်းညီနောင်နယ်မြေလမ်းမပေါ်မှ ယာယီဆုတ်ခွာ

တော်လှန်ရေးတပ်များ သင်္ဃန်းညီနောင်နယ်မြေလမ်းမပေါ်မှ ယာယီဆုတ်ခွာ

489
Photo: CJ (ရှေ့တန်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ)

စက်တင်ဘာ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ်၊ အာရှလမ်းပိုင်းရှိ အာဏာသိမ်း စစ်တပ် စစ်ကြောင်းများ သင်္ဃန်းညီနောင် ကွင်းကလေး ဒေသဘက်သို့ သာလွန်အင်အားဖြင့် ရောက်ရှိလာပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ကူဖြင့် တိုက်ခိုက်လာ၍ တော်လှန်ရေးတပ်များ ညီနောင် လမ်းမပေါ်မှ ယနေ့ နံနက်ပိုင်းတွင် ယာယီဆုတ်ခွာခဲ့သည်။

လက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များ မြဝတီ-ကော့ကရိတ် လမ်းမပေါ်အပါ နယ်မြေတစ်ခုလုံးနီးပါး ထိန်းချုပ်ထားမှုအပေါ် စစ်အုပ်စုက ကော့ကရိတ် ဘက်ခြမ်း၊ မြဝတီဘက်ခြမ်း၊ လမ်းဟောင်းမှ ဖြတ်ဆင်းသည့် ဘက်ခြမ်းစသဖြင့် ဘက်အသီးသီးမှ စစ်ကြောင်း ထိုး တိုက်ခိုက်နေခြင်း ဖြစ်သည်။

စက်တင်ဘာ ၁ ရက်မှ နေမှစ၍ မြဝတီမြို့ အနီး အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ-၂၇၅) တပ်ရင်းမှ စစ်ကြောင်းများ၊ အာရှလမ်းရှိ အောင်ဇေယျ စစ်ကြောင်းများ၊ ကော့ကရိတ်မှ အာရှလမ်းဘက် စစ်ကူလာသည့် စစ်ကြောင်းများ ပူးပေါင်းကာ ကြည်းကြောင်း၊ လေကြောင်း၊ လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု သာလွန် အင်အား ဖြင့်တိုက်ခိုက်လာသည့်အတွက် သင်္ဃန်းညီနောင်စစ်ရေးနယ်မြေ လမ်းမပေါ်မှ တော်လှန်ရေးတပ်များ ယာယီဆုတ်ခွာ ထားရသည်ဟု ရှေ့တန်းရောက် ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

“လက်ရှိ မနေ့ညနေက စစ်တပ် စစ်ကြောင်းတွေ ပေါင်းပြီးတက်လာတော့ ယာယီဆုတ်ပေးလိုက်တဲ့ သဘောပါဘဲ။ အနီးအနားမှာ ကျနော်တို့ စစ်ရေး လှုပ်ရှားနေတုန်းပါဘဲ။ ကော့ကရိတ်ဘက်၊ ကျုံဒိုးဘက်၊ လမ်းဟောင်းဘက်တွေ အကုန် စစ်ဆိုင်ထားတုန်းပါဘဲ၊ လက်နက်ကြီးနဲ့ လေယာဉ်တစ်အားသုံးတာ့ ယာယီဆုတ်တာမျိုးပါ” ဟု ၎င်းက ပြောသည်။

အာရှလမ်း သင်္ဃန်ညီနောင် လမ်းမပေါက်သွား၍ စစ်အုပ်စုတပ်များ မြဝတီမြို့အဝင်ရှိ ကုန်သွယ်ရေးဇုန်နှင့် ခြေလျင် တပ်ရင်း (ခလရ-၂၇၅) တပ်သို့ ပူးပေါင်းဝင်ရောက် သွားနိုင်သည်ဟု အတည်ပြု သတင်းရရှိထားသည်။

Photo: CJ (ရှေ့တန်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ)

ကော့ကရိတ်-မြဝတီ အာရှလမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားချိန် သင်္ဃန်းညီနောင်၊ ကွင်းကလေး ဘက်သို့ စစ်တပ်ရောက်ရှိ စစ်ကြောင်းထိုးလာခြင်းသည် ၎င်းတို့နှင့် ဆက်ဆံရေး ရှိသည့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ချို့က တစ်ကြိမ်လျင် သုံးလေးဦး ခန့်ဖြင့် ခေါ်ဆောင် ပို့ဆောင်ပေးပြီး တဖြည်းဖြည်း အင်အားစုကာ စစ်ကြောင်းထွက်ထိုး လာနိုင်ခြင်းဖြစ်သည်ဟု အခြေအနေကို သိထားသည့် သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်စီ ရရှိထားသည့် သတင်းများအရ ဒေါနတောင်ကြော အာရှလမ်းပိုင်းတွင် နှစ်ဖက်စစ်ဆိုင်ထားပြီး ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ် တပ်စစ်ကြောင်းတို့ နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ ဆက်ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို စစ်ကောင်စီက ပြန်စိုးမိုးနိုင်သော်လည်း လမ်းမဘေး နှစ်ဘက်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွာများကို စစ်ကြောင်း ထိုးနေရဆဲ ဖြစ်သည်။ ထို့အပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် လမ်းမပေါ် စစ်ကြောင်းထိုးနိုင်ရေး ကြိုးပမ်းနေသော်လည်း တော်လှန်ရေးတပ်များ ဖြတ်တောက်တိုက်ထုတ်မှုကြောင့် တပ်လှန်သွားမှုများရှိနေကြောင်း သတင်းရရှိထားသည်။

ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းပိုင်းတွင် စစ်အုပ်စုက လမ်းမကြီးပေါ်ကိုသာ ပြန်စိုးမိုးနိုင်ရေး ကြိုးပမ်း နေပြီး ကျုံဒိုး-ကော့ကရိတ် လမ်းမပေါ်ကို စစ်အုပ်စု ဇူလိုင်လကုန်ပိုင်းတွင် ပြန်စိုးမိုးနိုင်သော်လည်း လမ်းဘေး နှစ်ဘက်စလုံးရှိ ရွာများကို စိုးမိုးနိုင်ခြင်း မရှိသေးကြောင်း နယ်မြေသတင်းရင်းမြစ်များထံမှ သတင်းရထားသည်။

အလားတူ ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းမပေါ်အပါအဝင် လမ်းဘေးတလျှောက် ကျေးရွာ များကို ကေအဲန်ယူက အုပ်ချုပ်ထားနိုင်ဆဲ ဖြစ်သည်။ အဆိုပါ လမ်းတလျှောက် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ရရှိ ထားသည့် သတင်းများကို အတည်ပြုစိစစ်ကာ အများပြည်သူလုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ သတင်းများ ဖြစ်နေခြင်း ကြောင့် ကေအိုင်စီ၏ သတင်းပိုင်းဆိုင်ရာအယ်ဒီတာ မူဝါဒနှင့်အညီ သင့်တော်သည့် အချိန်၌ ထုတ်ပြန်သွားမည် ဖြစ်သည်။