Home သတင်း လုံခြုံရေးကြောင့် လေးကေကော် ဆေးရုံပိတ်ထားချိန် ကာမီကာဇီ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

လုံခြုံရေးကြောင့် လေးကေကော် ဆေးရုံပိတ်ထားချိန် ကာမီကာဇီ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

568
Photo: CJ

စက်တင်ဘာ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက်ရှိ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဆောက်လုပ်လှူဒန်းထားသည့် လေးကေကော် ဆေးရုံကို နယ်မြေလုံခြုံရေး အခြေအနေကြောင့် ပိတ်ထားချိန်တွင် အာဏာသိမ်းစစ်တပ်က အသေခံကာမီကာဇီ ဒရုန်းဖြင့် စက်တင်ဘာ ၄ ရက်နေ့ ည ၁၁ နာရီ ကျော်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူက အတည်ပြု ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အဖွဲ့တို့ အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ရေးနှင့် မဆိုင်ဘဲ အများပြည်သူနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများကို တိုက်လေယာဉ်နှင့် ဒရုန်း တို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လုံခြုံရေးအရ လေးကေကော်ဆေးရုံကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆေးရုံပိတ်ထားချိန် စက်တင်ဘာ ၄ ရက်နေ့၊ ည ၁၁ နာရီ ၂၂ မိနစ်တွင် အာဏာသိမ်းစစ်အုပ်စုတပ်က အသေခံ ကာမီကာဇီ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဆေးများထားသိုရာ အဆောင်ထိခိုက်ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း ဆေးရုံတာဝန်ရှိသူက ယခုလို ပြောသည်။

“ဆေးရုံ ပိတ်ထားလိုက်တော့အတွင်း လူနာတွေလဲ ဆေးရုံကဆင်းသွားတော့ လူနာမရှိတော့ဘူး။ အဲဒါ ည၁၁နာရီ ၂၀ လောက်မှာ လာကြဲ သွားတယ်။ လူမရှိတော့ လူထိခိုက်မှုတော့မရှိဘူး။ ဒါပေမယ့် ဆေးစတိုး နေရာတော့ ထိသွား တာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

လေးကေကော်ဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။ သို့သော် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်ပြီး ကျူးကျော်လာသူ စစ်တပ်ကို တိုက်ထုတ်ခဲ့ လက်ရှိ စစ်ရှောင်များ လာရောက်နေထိုင်နေသည့် ဒေသဖြစ်သည်။

စစ်ရှောင်များအတွက် ကျန်းမာရေး ဝန်ဆောင်မှု ပေးရန် လေကေကော်ဆေးရုံကို ကေအဲန်ယူ၊ ကရင်ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာ (KDHW)ဌာနက ဆေးရုံ ပြန်လည်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

လေးကေကော်မြို့သစ်ဆေးရုံသည် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ကနဦး ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သော်လည်း ၂၀၂၂ ခုနှစ်တွင် စစ်အုပ်စုက စစ်ကြောင်းကို လေးကေကော်သို့ ရောက်ရှိလာချိန် ဆေးရုံနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို အဆင်အခြင်မဲ့ ဖျက်စီး သွားခဲ့သည်။

စင်တင်ဘာလ ၁ ရက်နေ့ကစတင်၍ မြဝတီမြို့နှင့် အာရှလမ်းမကို စစ်အုပ်စုတပ်က ပြန်စိုးမိုးနိုင်ရေး အင်အား အလွန်သုံးကာ စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။ တဖက်တွင်လည်း စက်တင်ဘာ ၃ ရက်နေ့က တာကလယ် (ပိုင်ကျုံ)မြို့နယ်ထဲရှိ ကရင်ပညာရေးနှင့် ယာဉ်ကျေးမှုဌာန လက်အောက်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းကို ကျောင်းတက်ချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲသလို စက်တင်ဘာလ ၄ ရက်နေ့တွင် မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ၏ ကျောက်ခက်ဆေးရုံကိုလည်း အလားတူ ဗုံးကြဲဖျက်ဆီး မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။