စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နယ်မြေအတွင်း အာဏာသိမ်း စစ်အုပ်စုက တဖက်သတ်ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲကို ဝင်ရောက် အားပေးကူညီ ပြုလုပ်သူများအား စောင့်ကြပ်ကြည့်ရှုပြီး အရေးယူသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) နယ်မြေ/ညောင်လေးပင် ခရိုင်ကယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
တပ်မဟာ ၃/ညောင်လေးပင်ခရိုင်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဗဟို၏ လမ်းညွှန်မှုအတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင်ရွေးကောက်ပွဲအတွက် ဝင်ရောက်ပံ့ပိုး ကူညီသူများသည် စစ်အုပ်စုကို တရားဝင် လူသတ်လိုင်စင်ပေးခြင်းသာဖြစ်၍ အဆိုပါ ကျူးလွန်သူများကို ကော်သူးလေ တရားဥပဒေနဲ့အညီ အရေးယူသွားမည်ဟု KNU က ဆိုသည်။
၎င်းအပြင် KNU ၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို ပြည်သူတစ်ရပ်လုံး ယုံကြည်လက်ခံပြီး တစ်နိုင်ငံလုံး လွှမ်းခြုံမည့် ရွေးကောက်ပွဲလဒ်နှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်ကို ထူထောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်၏ ယခု ကျင်းပမည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အကြီးအကဲ၊ အပေါင်းအပါ၊ မိသားစုဝင်များနှင့် လက်အောက်ခံနိုင်ငံရေးပါတီများ၏ အကျိုးစီးပွါးရရှိရေးအတွက်သာ ဖြစ်သလို အာဏာရှင်စနစ်သက်ဆိုးရှည်ရန် ပြည်သူလူထုတစ်ရပ်လုံးအပေါ် ဖိနှိပ်၊ ကျွန်ပြု၊ ဂုတ်သွေးစုပ်ပြီး အသက်ရှင်လျက် သေလူနှင့် မခြားသည့် ဘဝကို တွန်းပို့သွားခြင်းသာ ဖြစ်သည်ဟု KNU တပ်မဟာ ၃ ပြောသည်။
ထို့ကြောင့် ညောင်လေးပင်ခရိုင် အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တစ်သီးပုဂ္ဂလပါတီ လူပုဂ္ဂိုလ်များအား စစ်အုပ်စု ကျင်းပမည့် တဖက်သတ် တရားမဝင်ရွေးကောက်ပွဲကို ဝင်ရောက်ပါဝင်ခြင်း မပြုရန် KNU က တိုက်တွန်းထားသည်။
စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်မခံကြောင်း ကေအဲန်ယူ (ဗဟို) ကလည်း သဘောထားထုတ်ပြန်ထားပြီးဖြစ်သည်။ ကေအဲန်ယူ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်၍ ၎င်းတို့ ခရိုင်ထဲရှိ ပြည်သူများကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အလားတူ သဘောထားထုတ်ပြန်ခဲ့သေးသည်။



















