Home သတင်း အတုအယောင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ခြင်းမပြုရန် မွန်တော်လှန်ရေးအင်အားစု တိုက်တွန်း

အတုအယောင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ခြင်းမပြုရန် မွန်တော်လှန်ရေးအင်အားစု တိုက်တွန်း

590
Photo: MSRF

ဩဂုတ် ၈၊ ၂၀၂၅။ ကေအိုင်စီ

စစ်အုပ်စုမှ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်ခြင်းမပြုရန် နိုင်ငံရေးပါတီများကို မွန်တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

ယနေ့ ဩဂုတ် ၈ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေးနေ့ (၇၈) နှစ်ပြည့်နှင့် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံနေ့ (၃၇) နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၁ ဖွဲ့က အိတ်ဖွင့်ပေးစာပို့ကာ ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှုနည်းနည်းသာ ရှိသည်ဟု ယူဆချက်များကြောင့် နိုင်ငံရေးပါ တီအချို့သည် စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကြိုးပမ်းနေကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို မွန်ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များက လက်မခံကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

လက်ရှိ လူထုလက်နက်ကိုင် တော်လှန်ရေးများ တိုးတက်လာမှုကြောင့် စစ်အုပ်စုအနေဖြင့် နယ်မြေများစွာ ဆုံးရှုံးလာရပြီး၊ ပြည်သူလည်း ထောက်ခံမှုမပြုကြသဖြင့် ၎င်းတို့ ကျင်းပမည့်ရွေးကောက်ပွဲမှာ တရားမျှတမှုနှင့် တရားဝင်မှု မရှိနိုင်သော ရွေးကောက်ပွဲတစ်ခု ဖြစ်လာမည်ဟု တော်လှန်ရေးအဖွဲ့များက သုံးသပ်ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် အရပ်သား ၁,၉၆၈ ဦး ဖမ်းဆီးခံရပြီး၊ သတ်ဖြတ်ခံရသူ ၃၁၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၃၃ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ် ၈ ရက်နေ့သည် မွန်တော်လှန်ရေးနေ့ဖြစ်သလို၊ ၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်ပြည့်နေ့ လည်းဖြစ်သည်။ ထိုနေ့တွင် စစ်အာဏာရှင်များ၏ ဖိနှိပ်မှု၊ ရက်စက်မှုနှင့် သတ်ဖြတ်မှုများကို ရင်ဆိုင်ခံယူခဲ့ရသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုများအတွက် အသက်ပေးဆပ်ခဲ့ရသော သူရဲကောင်းများအား ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ မပြီးဆုံးသေးသော လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးအဖွဲ့များက ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း မွန်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။