Home သတင်း သြစတြေးလျတွင် ၃၇ နှစ်မြောက် ရှစ်လေးလုံးဆန္ဒပြပွဲ ကျင်းပ၊ မြန်မာသံရုံးနှင့် တရုတ်သံရုံးရှေ့၌ တောင်းဆိုစာများ ပေးအပ်

သြစတြေးလျတွင် ၃၇ နှစ်မြောက် ရှစ်လေးလုံးဆန္ဒပြပွဲ ကျင်းပ၊ မြန်မာသံရုံးနှင့် တရုတ်သံရုံးရှေ့၌ တောင်းဆိုစာများ ပေးအပ်

565
Photo: Saw Kyaw Kweh/KIC

ဩဂုတ် ၉ရက်၊ ၂၀၂၅၊ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -NUG/CRPH ကို ထောက်ခံသောအဖွဲ့မှ ဦးစီးစီစဉ်သော ၃၇ နှစ်မြောက် ရှစ်လေးလုံး ဆန္ဒပြပွဲကို ယမန်နေ့(သြဂုတ် ၈ ရက်)တွင် သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ မြန်မာသံရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲတွင် မဲလ်ဘန်း၊ ဆစ်ဒနီနှင့် ကန်ဘာရာမှ ရှစ်လေးလုံးကျောင်းသားဟောင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF ရဲဘော်ဟောင်းများ၊ တိုင်းရင်းသားတော်လှန်ရေး ထောက်ပို့ရဲဘော်များအပါအဝင် လူဦးရေ ၂၅၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

ယမန်နေ့ ဆန္ဒပြပွဲအစီအစဉ်တွင် သြစတြေးလျနိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီးမှ NUG/CRPH Supporting Group အဖွဲ့ဝင်များ၏ သဝဏ်လွှာများဖတ်ကြားခြင်း၊ ကြွေးကြော်သံများ ထုတ်ဖော်ဟစ်ကြွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသူများသည် တရုတ်သံရုံးသို့ သွားရောက်ကာ၊ မြန်မာပြည်တွင်းရေးများကို တရုတ်အစိုးရမှ မဝင်မစွက်ဖက်ရန်၊ မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား စစ်လက်နက်များ၊ တိုက်လေယာဉ်များဖြင့် ထောက်ပံ့ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းအပြင် တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် တရုတ်အစိုးရအဖွဲ့ဝင်များထံသို့လည်း တရားဝင်အိတ်ဖွင့်စာတစ်စောင် ပေးအပ်ခဲ့သည်။

ထိုနေ့တွင် မြန်မာသံရုံးအနီး၌ မြန်မာနိုင်ငံအလံကို တိုင်တဝက်ဖြင့်၊ အာဆီယံအလံနှင့် တွဲ၍ လွှင့်ထူထားသည်ကို တွေ့မြင်ရခဲ့သည်။
NUG/CRPH ကိုထောက်ခံသောအဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် စတင်ဖွဲ့စည်းသော အဖွဲ့ဖြစ်သည်။