Home သတင်း လွတ်ရက်စေ့ပြီး ထောင်ဘူးဝတွင် ပြန်လည်ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသား (၇၄) ဦးရှိသည်ဟု PPNM ထုတ်ပြန်

လွတ်ရက်စေ့ပြီး ထောင်ဘူးဝတွင် ပြန်လည်ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသား (၇၄) ဦးရှိသည်ဟု PPNM ထုတ်ပြန်

728
Photo: Social Media

သြဂုတ် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ရှိ အကျဥ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံ ထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက်၊ လွတ်ရက်စေ့ဖြင့် ထောင်မှ ပြန်လည်လွတ်မြောက် လာသူများသည် စစ်တပ်၏ ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရသူ (၇၄) ဦး ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ယမန်နေ့ (သြဂုတ် ၁၀ ရက်) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့တွင်လည်း လွတ်ရက်စေ့ဖြင့် ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား မမိုးဆန်းစုကြည်အား ထောင်ပင်မထွက်မီအချိန်တွင်ပင် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။

“လွတ်ရက်စေ့ပြီးမှ အမှုထပ်ကပ်တယ်ဆိုတာ ဥပဒေကို စစ်ကောင်စီက သရေကွင်းလို ကျင့်သုံးနေတယ်လို့ပဲ မြင်တယ်။ တချို့က စစ်ကြောရေးကို ပြန်ခေါ်ပြီးမှ အမှုကပ်ပြီးမှ ထောင်ထဲ ပြန်ပို့တာတွေ၊ အထူးသဖြင့် သူတို့ကို တော်လှန်ပုန်ကန်ပြီး ထောင်တွင်းလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပြန်လုပ်နေတဲ့သူတွေ ပေါ့နော်။ ထောင်ပြင်ရောက်လာရင်လည်း သူတို့ကို တော်လှန်မယ်လို့ မျှော်လင့် ထားတဲ့သူတွေကို ပြန်လည်ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် လုပ်လာတာ တွေ့ရတယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကေအိုင်စီသို့ ပြောသည်။

မမိုးဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် မေ ၉ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်းမြို့နယ်၌ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ပုဒ်မ ၅၀၅(က) နှင့် ၁၇(၁) ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် (၆) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်နေ့တွင် အင်းစိန်ထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း PPNM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ (၄) နှစ်ကျော်ကြာ မတရားဖမ်းဆီးခံထားပြီး လွတ်ရက်စေ့ဖြင့် လွတ်မြောက်ခဲ့သော်လည်း ထောင်ဘူးဝတွင် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု PPNM က ပြောသည်။

မမိုးဆန်းစုကြည်သည် စစ်ကောင်စီမှ မတရားဖမ်းဆီးအမိန့် ထုတ်ခဲ့သည့် လက်ရှိအင်းစိန်ထောင်တွင် အကျဉ်းချခံနေရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်လို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံတစ်ဦးလည်း ဖြစ်သည်။

ယခုလို နိုင်ငံရေးအကျဉ်းသားများအား လွတ်ရက်စေ့သော်လည်း ထောင်ဘူးဝ၌ ပုဒ်မအမျိုးမျိုး တပ်ပြီး ပြန်လည်ဖမ်းဆီးမှုများသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း PPNM က ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း၌ နိုင်ငံတစ်ဝန်းတွင် ပြည်သူ (၂၉,၅၁၅) ဦး ဖမ်းဆီးခံထား ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သြဂုတ် ၇ ရက်နေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။