Home သတင်း ကရင့်အာဇာနည်နေ့နှင့် လူထုဘေးအန္တရာယ်ကင်းရှင်းရေး တောင်ငူခရိုင်မှာ လူထုစုပေါင်း အစာရှောင်ဆုတောင်းမည်

ကရင့်အာဇာနည်နေ့နှင့် လူထုဘေးအန္တရာယ်ကင်းရှင်းရေး တောင်ငူခရိုင်မှာ လူထုစုပေါင်း အစာရှောင်ဆုတောင်းမည်

789
Photo: KNU

ဩဂုတ် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)၊ တောင်ငူခရိုင်တွင် ဩဂုတ်လ (၁၂) ရက်နေ့ ကျရောက်မည့် ကရင့်အာဇာနည်နေ့နှင့် ဒေသနေလူထုများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ခရစ်ယာန်ဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုအရ အစာရှောင်ဆုတောင်းရက် သတ်မှတ်ပြုလုပ်မည်ဟု ကေအဲန်ယူ တောင်ငူခရိုင်ထံမှ သိရသည်။

ခရိုင်ဘက်က ဩဂုတ်လ (၁၁) ရက်နေ့ ညနေ (၆) နာရီမှ (၁၈) ရက်နေ့ နေ့လည် (၁၂) နာရီအထိ အစာရှောင်ဆုတောင်းရက် သတ်မှတ်ထားသော်လည်း ရပ်ကွက်၊ ကျေးရွာအလိုက် ခရစ်ယာန်ယုံကြည်သူများမှ မိမိတို့သတ်မှတ်ထားသည့် ရက်အတိုင်း ပြုလုပ်နိုင်ကြောင်း သင်းအုပ်ဆရာ၊ အတွင်းရေးမှူးနှင့် လူငယ်ခေါင်းဆောင်များထံ ဩဂုတ်လ (၈) ရက်နေ့စွဲဖြင့် အကြောင်းကြားထားခြင်းဖြစ်သည်။

ကေအဲန်ယူတာဝန်ရှိသူတစ်ဦးက “အာဇာနည်နေ့အတွက် အစာရှောင်ဆုတောင်းပဲ။ သဘာဝဘေးအန္တရာယ် ဖြစ်တာအတွက်ရော ဘာရောပါတာပေါ့။ သူ့ရွာနဲ့ သူ ဝတ်ပြုကိုးကွယ်ရေးဆိုင်ရာက ဦးဆောင်လုပ်မှာပါ။ RC ဖြစ်ဖြစ်၊ နှစ်ချင်းဖြစ်ဖြစ် မခွဲဘဲနဲ့ အစာရှောင်ဆုတောင်းကြဖို့ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူဘက်က အကြောင်းကြားစာအား တောင်ငူခရိုင်အတွင်းရှိ ကျေးရွာများအလိုက် ပို့ဆောင်ထားပြီးဖြစ်၍ ယနေ့ ညနေ (၆) နာရီမှစတင် ပြုလုပ်ကြမည်ဖြစ်သည်။

ထန်းတပင်နှင့် သံတောင်ကြီးမြို့နယ် နှစ်ခု ပါဝင်သည့် တောင်ငူခရိုင်တွင် ကရင်လူမျိုးအများစုအပြင် အခြားတိုင်းရင်းသားလူမျိုးများလည်း ရောနှောနေထိုင်ကြပြီး ဘာသာအနေဖြင့် ခရစ်ယာန်ကိုးကွယ်ယုံကြည်မှုက အများအပြား ရှိသည်။

“အစာရှောင်ဆုတောင်းတယ်ဆိုတာ နေ့တစ်ဝက်ကနေ ရက်ပိုင်း၊ လပိုင်းအထိရှိတယ်။ လပိုင်းအထိဆိုရင်တော့ ခန္ဓာအားဖြင့် အားနည်းသွားတာပေါ့။ အစာရှောင်နေတဲ့အချိန်မှာ Worship သီချင်းနားထောင်လို့ရတယ်၊ ကျမ်းစာဖတ်လို့ရတယ်၊ ပြန်ရေးချလို့ရတယ်။ စာတန်နှောင့်ယှက်လို့ ဗိုက်ဆာတာကတော့ ရှိမှာပဲ။ ဘုရားအားဖြင့် ဒါကိုသည်းခံနိုင်ရမယ်” ဟု ခရစ်ယာန်ဘာသာဝင်တစ်ဦးက ရှင်းပြသည်။

နံနက်ဖန် ဩဂုတ်လ (၁၂) ရက်နေ့ ကျရောက်မည့် (၇၅) နှစ်ပြည့် ကရင့်အာဇာနည်နေ့အား ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် နှစ်စဉ် အခမ်းအနားများဖြင့် ပြုလုပ်ကျင်းပလေ့ရှိသည်။ သို့သော်လည်း အာဏာသိမ်းထားသည့် လေးနှစ်ကျော်အတွင်း ပိုမိုပြင်းထန်လာသော ပဋိပက္ခများကြောင့် ဒေသအခြေအနေပေါ် မူတည်ပြီး အကျဉ်းရုံသာ ပြုလုပ်နိုင်ကြတော့သည်။

အလားတူ၊ တောင်ငူခရိုင်၌ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်နှင့် ရင်ဆိုင်နေရသလို၊ ယခု ဩဂုတ်လတွင်လည်း မိုးရွာသွန်းမှုများပြားကာ တောင်ပြို၊ မြေပြိုကျမှုကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့်လည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။